ချောင်းရိုးအတွင်း သေဆုံးနေသော အမျိုးသားအလောင်း ပိုင်ရှင်မပေါ်ပေါက်သေး
DVB
·
August 22, 2017
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျးရွာ၊ ချောင်းရိုးအတွင်း အမည်မသိအမျိုးသားတဦး သေဆုံးနေတာကို သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ရင်းငြိမ်ရဲကင်းစခန်းက ပြောပါတယ်။
ရင်းငြိမ်ရဲကင်းစခန်းမှ ခေတ္တရဲကင်းစခန်းမှူး ဒုရဲအုပ်အောင်ဌေးက “ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အလောင်းပုံစံက ၃ ရက်လောက်က ည်းက ဖြစ်တဲ့ပုံပါ။ ခုထိတော့ ပိုင်ရှင်မတွေ့ရှိသေးပါဘူး။ သေဆုံးသူရဲ့ဝဲဘက်လက်ဖျံမှာတော့ "နိုင်"ဆိုတဲ့နာမည်ကို တက်တူးရေးထိုးထားပါတယ်။ ပိုင်ရှင်မှန်တွေ့အောင် ရှာဖွေမှုတွေ လုပ်ထားပါတယ်" လို့ပြောပါတယ်။
ဖြစ်စဉ်မှာ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျးရွာ ကွင်းအမှတ် ၇၆၆ လယ်ကွင်းဘေး အကျယ် ၁၅ ပေ အနက် ၄ ပေလောက်ရှိ ချောင်းရိုးအတွင်း အသက် ၃၅ နှစ်ခန့်ရှိ အမည်မသိအမျိုးသားတဦး သေဆုံးနေကြောင်း လယ်ကွင်းဘေး ချောင်းရိုးအနီးနေထိုင်သူ ဦးဇော်ဝမ်း (၄၃)နှစ်မှ သြဂုတ်လ ၂၁ ရက်နေ့၊ မနက် ၇ နာရီလောက်က ဈေးသို့သွားရန် နေအိမ်မှ ထွက်လာစဉ် ချောင်းရိုးအတွင်း လူသေအလောင်း တွေ့ရှိရတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ဆိုခဲ့တာပါ။
ချောင်းရိုးအတွင်း သေဆုံးနေသူ အမည်မသိအမျိုးသားမှာ ဝဲလက်ဖျံတွင် ၃ လက်မခန့်ရှိ ငှက်ရုပ်နဲ့ "နိုင်"လို့ ဆေးမင်ကြောင် ရေးထိုးထားကာ ခန္ဓာကိုယ်တခုလုံး အရေခွံပြဲပုပ်ပွနေပြီး မျက်လုံး ပြူးထွက် လျှာ ၁ လက်မလောက် ထွက်နေတဲ့အတွက် ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄၁/၂၀၁၇ နဲ့ အမှုဖွင့်လှစ်ထားကာ ပိုင်ရှင်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး