မန်စီးတီးနှင့် အဲဗာတန် ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၂ လက်ကျန်ပွဲအဖြစ် မန်စီးတီးနဲ့ အဲဗာတန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ တဘက်တဂိုးစီ သရေကျသွားပါတယ်။ မန်စီးတီးအသင်းက အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲအနိုင်ရရေးအတွက် တိုက်စစ်မှာ အဂွေရိုနဲ့ ဂျီးဆပ်စ်အတွဲ၊ ကွင်းလယ်မှာ ဖာနန်ဒင်ဟို၊ ဒီဘရွန်း၊ ဆာနေး၊ ဆေးလ်ဗား၊ နောက်တန်းမှာ အသင်းခေါင်းဆောင် ကွန်ပနီ၊ စတုန်း၊ အော့တာမန်ဒီနဲ့ ဒီရာသီ စပါးအသင်းက ခေါ်ယူထားတဲ့ ဝေါ်လ်ကာ၊ ဂိုးသမား အီဒါဆင်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ အဲဗာတန်အသင်းကလည်း ဒီရာသီ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဝိန်းရွန်နီ အပါအဝင် အဓိက ကစားသမားတွေနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ အနိုင်ရရေး တိုက်စစ်ဆင် ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်အသင်း ခံစစ်ကစားပုံ ကောင်းမွန်ခဲ့သလို ပွဲချိန် ၃၅ မိနစ်မှာ အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ရွန်နီက အနီးကပ် ပိတ်သွင်း ရယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ရွန်နီအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ ပြည့်ဂိုးလည်း ဖြစ်ပါတယ်။ ဒီ့နောက် ပွဲချိန် ၄၄ မိနစ်မှာ မန်စီးတီး နောက်ခံကစားသမားသစ် ဝေါ်လ်ကာ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီး ကစားသမားတချို့ လဲလှယ်ပြီး နိုင်ပွဲရရေး ကြိုးစားခဲ့ကာ ပွဲချိန် ၈၂ မိနစ်မှာ လူစားဝင်ကစားသမား စတာလင်က သွင်းယူပေးခဲ့လို့ တဂိုးစီသရေကျပြီး မန်စီးတီး ရမှတ်တမှတ် ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် လာမယ့် သြဂုတ် ၂၆ ရက်နေ့မှာ ဘုန်းမောက်နဲ့ အဝေးကွင်းကစားရမှာဖြစ်ပြီး အဲဗာတန်က သြဂုတ် ၂၇ ရက်နေ့မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးနဲ့ အဝေးကွင်းမှာပဲ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up