Home
Lead Story
တရားလိုပြသက်သေ ဗိုလ်မှူးမြတ်မော်အောင်၏ တရားရုံးထွက်ဆိုချက်
DVB
·
August 21, 2017
  သီပေါအကျဉ်းထောင်မှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီဗွီဘီသတင်းထောက်တွေအပါအ၀င် ၆ ဦးရဲ့အမှုကို  ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်လို့ တရားလို တပ်မတော်ဘက်က ၃ ဦးမြောက် တရားလိုပြသက်သေ ဗိုလ်မှူး မြတ်မော်အောင်ရဲ့ ထွက်ဆိုချက်။ - ကျနော် (ဗိုလ်မှူးမြတ်မော်အောင်) သည်  မေလ ၁၆ ရက်နေ့မှစ၍ နမ့်ဆမ်မြို့နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနီးပတ်ဝန်းကျင်သို့ စစ်ဆင်ရေးတာဝန် သွားရောက်ထမ်းဆောင်။ (၂၆-၆-၂၀၁၇) နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် သောင်းကျန်းသူ TNLA အဖွဲ့များက ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ကျနော်တို့ သတင်းရသော နေရာမှာ ၄ နေရာ ဖြစ်သည်။ အဆိုပါ ၄ နေရာမှာ နမ့်ဆမ်ရှိ ဟိုမိန်းရွာ၊ ပန်စလီရွာ၊ မြို့သစ်ရွာနှင့် ပန်လင်းရွာ ဖြစ်သည်။ ကျနော်တို့ အဆိုပါ  ၄ ရွာကို နယ်မြေရှင်းလင်းမှု ပြုခဲ့သည်။ ဟိုမိန်းရွာမှာ မန်တုံနှင့် နမ့်ဆမ်လမ်းကြောင်းတွင် ရှိပြီး နမ့်ဆမ်မြို့နယ်၏အစ ဖြစ်ပါသည်။ ဟိုမိန်းပြီးလျှင် ပန်စလီ ဖြစ်သည်။ ဟိုမိန်းနှင့် ပန်စလီမှာ တခါသွားလျှင် ၃ ရက်ကြာမည် ဖြစ်သည်။ ပန်စလီရွာပြီးလျှင် မြို့သစ်ရွာဖြစ်ပြီး မြို့သစ်ရွာပြီးလျှင် ပန်လင်းရွာ ရောက်မည် ဖြစ်သည်။ ကျနော်တို့က ဇွန်လ ၂၃ ရက်၊ ၂၄ ရက် ဝန်းကျင်ကတည်းက နယ်မြေရှင်းလင်း ဆောင်ရွက်မှုပြုခြင်း ဖြစ်သည်။ ၂၆.၆.၂၀၁၇ ရက်နေ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်သည့် မြို့သစ်ရွာမှာ ကျနော်တို့နှင့် TNLA အဖွဲ့တို့ ၅ ရက်နေ့ ညနေကတည်းက ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်။ မြို့သစ်ရွာအတွင်း စစ်ကြောင်းဝင်ရောက်ရှင်းလင်းရန် သွားရောက်သည့်အခါ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ဗိုလ်မှူးသန်းစိုး ဦးဆောင်သော စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ခြင်း ဖြစ်သည်။ မြို့သစ်ကျေးရွာအနီး၌ TNLA ဘက်မှာ လုံခြုံရေးချထားသော အင်အားမှာ ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိပါသည်။ အခမ်းအနား၌ TNLA ပြန်ကြားရေးတာဝန်ခံ တာဖုန်းကျော် တက်ရောက်မည်ဟု သတင်းရရှိပါသည်။ အခမ်းအနားကို TNLA အင်အား ၅၀ ခန့် တက်ရောက်သည်ဟု သိရသည်။ ကျနော်က နမ့်ဆမ်မြို့အထွက် ဘုရားကြီးကျေးရွာအနီး၌ ၂ + ၁၃ ဦးဖြင့် လုံခြုံရေးတာဝန်ယူရပါသည်။ အဆိုပါနေရာသို့ ယင်းနေ့ ၁ နာရီခွဲအချိန်ခန့် ကျနော်တို့အဖွဲ့ စတင် စစ်ဆေးပါသည်။ နမ့်ဆမ်မြို့မှ ထွက်လာသော ယာဉ်များကို ရပ်တန့်စစ်ဆေးခဲ့သည်။ ယာဉ်အများအပြားကို စစ်ဆေးမှုပြုသော်လည်း အဆိုပါယာဉ်များမှာ သာမန် ခရီးသွားယာဉ်များ ဖြစ်၍ ၎င်းတို့မှတ်ပုံတင်အား စစ်ဆေးပြီး လွှတ်ပေးခဲ့သည်။ YGN-6F3107 လင်ခရူဆာယာဉ်ပေါ်မှာ ရုံးရှေ့စွပ်စွဲခံရသူများအနက် (၅)ဦးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းသည့်အခါ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဦးသိန်းဇော်၊ ဦးထွန်းအေးနှင့် ယာဉ်မောင်းအဖြစ် သက်သေမှ လက်ညှိုးညွှန်ပြသူ မိုင်းဆန်းညွန့်တို့ ဖြစ်သည်။ အဆိုပါယာဉ်နှင့်အတူ YGN-7D2608 Wish အဖြူရောင်ယာဉ်တစီးလည်း ပါသည်။ အဆိုပါယာဉ်မောင်းမှာ ရုံးရှေ့ရှိ ဦးအောင်ခမ်း ဖြစ်ပါသည်။ ယာဉ်များအား စစ်ဆေးသည့်အခါ ယာဉ်နှစ်စီးအနက် လင်ခရူဆာယာဉ်ပေါ်တွင် TNLA အဖွဲ့မှ ကျင်းပသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထိမ်းအမှတ် လက်ကမ်းစာစောင်တခု တွေ့ရသည်။ အဆိုပါ လက်ကမ်းစာစောင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ယခင်က ကျင်းပပုံ၊ နှစ်အလိုက် ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး ပမာဏများ ပါရှိသည်။ TNLA တံဆိပ်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစာတန်း ကပ်ထားသော CD အခွေတခွေ တွေ့ရသည်။ ယာဉ်ပေါ်တွင်ပါရှိသော စွပ်စွဲခံရသူများထံမှ ပါလာသော ဖုန်း၊ လက်တော့ ကွန်ပျူတာတို့အား ဖွင့်ကာ စစ်ဆေးမှုပြုခဲ့သည်။ ဦးအေးနိုင်ထံမှ တွေ့ရသော Vivo အမျိုးအစား V5 အဖြူရောင်ဖုန်းအား စစ်ဆေးသည့်အခါ မြို့သစ်ကျေးရွာသို့ ၎င်းတို့သွားခဲ့သည့် လမ်းကြောင်းမှတ်တမ်းပုံ၊ ကျေးရွာ၌ TNLA နှင့် တွေ့ဆုံပုံ၊ အခမ်းအနား ကျင်းပသည့် မှတ်တမ်းပုံများ တွေ့ရသည်။ ကိုသိန်းဇော်ထံမှ တွေ့ရသော ဖုန်းများထဲမှလည်း ၎င်းတို့ မြို့သစ်ရွာသို့လာသော လမ်းကြောင်းအား မှတ်တမ်းတင်ထားပုံများ၊ TNLA နှင့် တွေ့ဆုံပုံ၊ အခမ်းအနားမှတ်တမ်းပုံတို့ကို တွေ့ရှိရပါသည်။ ယာဉ်ပေါ်ပါ ပြည့်ဘုန်းအောင်၊ ဦးထွန်းအေးနှင့် ဦးမိုင်းဆန်းညွန့်တို့၏ ဖုန်းအတွင်းမှလည်း အထက်ပါ မှတ်တမ်းမျိုး တွေ့ရှိရပါသည်။ စိုင်းအောင်ခမ်းက TNLA မှ ကျင်းပသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနားက ပြန်လာသည်ဟု ပြောဆိုသဖြင့် ၎င်းကိုပါ ထိန်းသိမ်းခဲ့သည်။ TNLA နှင့် ဆက်သွယ်သော မှတ်တမ်းဓာတ်ပုံများ တွေ့ရသဖြင့် နမ့်ဆမ်မြို့ အမှတ်-၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သတင်းပေးပို့တင်ပြသည်။ ကျနော်တို့ တင်ပြချက်အပေါ် အမှတ်-၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က နမ့်ဆမ်မြို့အထွက် ဘုရားကြီးကျေးရွာ မဟာမုနိဘုရားကုန်း၌ စွပ်စွဲခံရသူများကို ခေတ္တထိန်းသိမ်းထားရန် ညွှန်ကြားခဲ့သည်။ အဆိုပါဘုရားကုန်း၌ စွပ်စွဲခံရသူများရှေ့တွင် ၎င်းတို့ထံမှ တွေ့ရသော သက်သေခံပစ္စည်းများကို ကျနော်တို့တပ်မှ ဗိုလ်ကြီး ဇွဲစည်သူမှ TNLA နှင့် ဆက်သွယ်ထားသော အထောက်အထား မှတ်တမ်းပုံများကို CD ခွေဖြင့် ပြန်လည်ကူးယူခဲ့သည်။ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ မှတ်တမ်းဓာတ်ပုံ မပါ။ ကျန်မှတ်တမ်းပုံများကို ၎င်းတို့ရှေ့တွင် ဖျက်ပစ်ခဲ့သည်။ အထက်ညွှန်ကြားချက်အရ ဖျက်ခြင်း ဖြစ်သည်။ ရုံးရှေ့ သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ဖုန်းများ၊ memory stick များမှ (သက်သေမပါ) မှတ်တမ်းဓာတ်ပုံများကို ဗိုလ်ကြီးဇွဲစည်သူက ၎င်း၏ဖုန်းဖြင့် ကူးယူခဲ့ခြင်း ဖြစ်သည်။ Zapya ဖြင့် ကူးယူထားခြင်း ဖြစ်သည်။ ကျနော်ကတော့ ဖုန်း၊ လက်တော့ထဲက ဗွီဒီယိုမှတ်တမ်းများကို ကူးယူခဲ့ပါသည်။ ၎င်းနောက် ခမရ-၅၀၃ မှ ဗိုလ်သက်နိုင်ဦး ဦးဆောင်သည့်အဖွဲ့မှ ရုံးရှေ့ စွပ်စွဲခံရသူများနှင့်အတူ ၎င်းတို့စီးနင်းလာသော ယာဉ်နှင့် သိမ်းထားသော ရုံးရှေ့ သက်သေခံပစ္စည်းများကို လွှဲပြောင်းပေးခဲ့ပါသည်။ ရုံးရှေ့ပစ္စည်းများကို ကျနော်က ပစ္စည်းလွှဲပြောင်းလက်ခံပြေစာတစောင် ပြုလုပ်လွှဲပြောင်းပေးခြင်း ဖြစ်ပါသည်။ လွှဲပြောင်းပေးသည့် ပစ္စည်းများမှာ ရုံးရှေ့ရှိ သက်သေခံပစ္စည်းများ ဖြစ်ပြီး ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားသည့် စဉ်-၁ မှ ၁၉ အထိ ပစ္စည်းများ ဖြစ်ပါသည်။ သက်သေခံ-ခ ရှာဖွေပုံစံတွင် သိမ်းဆည်းထားသော ဦးအေးနိုင်၏ Vivo ဖုန်းအား ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြပါသည်။ (ကန့်ကွက်) - ရှာဖွေပုံစံ-ခ စဉ်-၂ နေရာ၌ ဖော်ပြထားသည်မှာ ဦးအေးနိုင်၏ Vivo ဖုန်းတလုံး၊ တရုတ်ဖုန်းကတ်တခု ထည့်ထားလျက်ဟု ဖော်ပြထားရာ ယခု ရုံးတော်ရှေ့မှောက်၌ ရှာဖွေပုံစံနှင့် ပစ္စည်းများအား တိုက်ဆိုင် စစ်ဆေးထားသည့်အခါ ရုံးရှေ့၌ပင် ကွဲလွဲလျက်ရှိကြောင်းနှင့် တယ်လီနော ဆင်းကတ်တစ်ခု အပိုပါရှိသည့်ဖုန်းတစ်လုံးဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍  EV-ခ ရှာဖွေပုံစံ စဉ်-၂ ဖော်ပြထားသည့် ပစ္စည်းစာရင်းနှင့် ရုံးရှေ့မှာ တင်ပြသော ပစ္စည်းစာရင်း ကွဲလွဲလျက်ရှိပါသောကြောင့် EV အဖြစ် တင်သွင်းခွင့်မပြုရန် လျှောက်ထားအပ်ပါသည်။ သက်သေခံ တင်သွင်းချင်သော ဖုန်းမှာ  ဦးအေးနိုင်၏ ဖုန်းဖြစ်ကြောင်း ၎င်းကိုယ်တိုင် ရုံးရှေ့မှာ ယူကြည့်ပြီးဖြစ်၍ သက်သေခံအဖြစ် လက်ခံသင့်ပါကြောင်း၊ ရှာဖွေပုံစံပေါ် အမည်ရေးသွင်း ဖော်ပြချက်များသည် ရေးသွင်းသူက မေ့ကျန်ခဲ့ခြင်း ဖြစ်နိုင်ပါကြောင်း လျှောက်ထားသည်။ ဆုံးဖြတ်သည်မှာ ရှာဖွေပုံစံ သက်သေခံ-ခ ပါ စဉ်-၂ နေရာတွင် Vivo ဖုန်းတလုံး တရုတ်ဖုန်းကတ်တခုတို့သည် (၁) တရားခံ ဦးအေးနိုင်၏ ဖုန်းဖြစ်ကြောင်း ယခုအချိန်အထိ နှစ်ဖက် အငြင်းပွားမှု မရှိသေးပေ။ အငြင်းပွားစဉ်မှာ ဖုန်းတွင်း တယ်လီနောဆင်းကတ်တခု အပိုပါဝင်လျက် ရှာဖွေပုံစံတွင် ယင်းဆင်းကတ်ကို ရေးသွင်းထားခြင်းမရှိ၍ EV အဖြစ် လက်ခံခြင်းမပြုရန် ကန့်ကွက်နေခြင်း ဖြစ်သည်။ လက်ကိုင်ဖုန်းပေါ်တွင် အငြင်းပွားမှုမရှိဘဲ ဖုန်းအတွင်း အပိုပါဝင်သော တယ်လီနော ဆင်းကတ်အပေါ် အငြင်းပွားနေခြင်း ဖြစ်သည်။ တယ်လီနော ဆင်းကတ်တခုသည် အမှုပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိကြောင်း ရုံးရှေ့ ပေါ်ပေါက်ခြင်း မရှိသေးပေ။ ထို့ကြောင့် Vivo ဖုန်းတလုံး၏ ယင်းဖုန်းအတွင်း ရုံးရှေ့ အပ်နှံစဉ်က အလိုအလျောက် ပါဝင်လာသော ဆင်းကတ်များနှင့်တွဲလျက် သက်သေခံအဖြစ် လက်ခံသည်။ သက်သေခံ ဝင်ခြင်း၊ မဝင်ခြင်းသည် ရုံးရှေ့ ပေါ်ပေါက်သည့် အခြေအနေပေါ်တွင် ဆက်လက်ဆုံးဖြတ်မည်။ ရှာဖွေပုံစံ သက်သေခံ ခ-၁ ပါ စဉ်-၂ နေရာ၌ ပါဝင်သော ဦးအေးနိုင်၏ Vivo ဖုန်းတလုံးနှင့် ဆင်းကတ် ၂ ခုတို့ကို သက်သေခံ ခ-၂ အဖြစ် လက်ခံသည်။ စွပ်စွဲခံရသူများအား တွေ့ရှိ ဖမ်းဆီးစဉ် ၎င်းတို့ထံမှ တွေ့ရှိသိမ်းဆည်းရမိသည့် ပစ္စည်းများပေါ်၌ သိမ်းဆည်းခံရသူများ၏ အမည်ကို စာဖြင့်ရေးမှတ်ကာ ကပ်ထားခဲ့ပါသည်။ ထိုသို့ ရေးမှတ်သည့်အပြင် ရုံးရှေ့သက်သေခံပစ္စည်းများ ထည့်ထားသော ကတ်ထူဖာအတွင်း ထည့်ကာ တိပ်ဖြင့်ပိတ်လျက် လွှဲပြောင်းခြင်း ဖြစ်ပါသည်။ မှတ်စဉ်-၃ မှာ ဦးပြည့်ဘုန်းအောင် Huawei ဖုန်းအတွင်း ထည့်လျက် တယ်လီနော ဖုန်းကတ်၊ SD ကတ်တခုအား သက်သေခံအဖြစ် တင်ပြရာ ရုံးတော်မှ သက်သေခံ ခ-၃ အဖြစ် လက်ခံသည်။ အမှတ်စဉ်-၄ ဖြင့် သိမ်းဆည်းထားသော ဦးပြည့်ဘုန်းအောင်၏ Sony ကင်မရာတလုံးကို သက်သေခံအဖြစ် ပြင်ဆင်တင်ပြပါသည်။ ရုံးတော်မှ သက်သေခံ ခ-၄ အဖြစ် လက်ခံသည်။ အမှတ်စဉ်-၅ ဖြင့် သိမ်းဆည်းထားသော  ပြည့်ဘုန်းအောင်၏ iPhone အတွင်း ထည့်လျက် MPT ဖုန်းကတ်တခုကို ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းပါသည်။ သက်သေခံ ခ-၅ အဖြစ် လက်ခံသည်။ အမှတ်စဉ် ၆ ဖြင့် သိမ်းဆည်းထားသော Sesho ဖုန်းအတွင်းထည့်လျက် MPT ဖုန်းကတ် တခုအား ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြပါသည်။ သက်သေခံ ခ-၆ အဖြစ် လက်ခံသည်။ အမှတ်စဉ် ၇၊ စိုင်းအောင်ခမ်း၏ Huawei ဖုန်းအတွင်း ထည့်လျက် MPT၊ တယ်လီနော ကတ်ထည့်လျက်၊ SD ကတ် ထည့်လျက် တခုအား ရုံးတော်သို့ တင်ပြရာ သက်သေခံ ခ-၇ အဖြစ် လက်ခံသည်။ အမှတ်စဉ်-၈ အပြင် သိမ်းထားသည့် မိုင်းဆန်းညွန့်၏ ဖုန်းအတွင်းထည့် MPT ကတ် ဖုန်းတလုံးတို့အား ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြရာ သက်သေခံ ခ-၈ အဖြစ် လက်ခံသည်။ အမှတ်စဉ်-၉ ဖြင့် သိမ်းဆည်းထားသော မိုင်းဆန်းညွန့်၏ Vivo ဖုန်းတလုံး၊ အော်ရီဒူး ဖုန်းကတ်အား ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြသည်။ ဖုန်းနှင့်ထည့်လျက် Vivo ဖုန်းကတ်နှင့် ဖုန်းအတွင်းထည့်လျက် Vivo ဆင်းကတ်ဖြစ်ပြီး ကျန်ဆင်းကတ်များမှာ ဖုန်းကာဗာထဲမှ တွေ့ရ။ ယင်းဖုန်းနှင့် အော်ရီဒူးကတ်နှင့် တရုတ်ကတ်တို့ကို ရုံးတော်သို့ EV အဖြစ် တင်ပြပါတယ်။ သက်သေခံ ခ-၉ အဖြစ် လက်ခံသည်။ ဦးသိန်းဇော်၏ အမှတ်စဉ်-၁၀ ဖြင့် သိမ်းထားသော Mi ဖုန်းအတွင်း တယ်လီနော၊ အော်ရီဒူးကတ် တကတ်စီ ထည့်ထားသော ဖုန်းအား ရုံးတော်သို့ တင်သွင်းပါသည်။ စွပ်စွဲခံရသူ၏ ရှေ့နေ- သက်သေခံအဖြစ် တင်ပြသော ဖုန်းနှင့် ဖုန်းအတွင်း ဆင်းကတ်တို့သည် Electronic ဆိုင်ရာ ကိစ္စများကို စစ်ဆေးပြီးမှသာ သက်သေခံအဖြစ် လက်ခံရန်၊ ယခု သက်သေခံအဖြစ် တင်ပြခြင်းကို ခွင့်မပြုရန် ကန့်ကွက်လျှောက်ထားသည်။ တရားလို ရှေ့နေ- သက်သေခံပစ္စည်းများသည် စွပ်စွဲခံရသူများထံမှ သိမ်းဆည်းထားသောပစ္စည်းများ ဖြစ်ကြောင်း ပေါ်ပေါက်သည်။ သိမ်းဆည်းခဲ့သော တပ်မတော်အရာရှိမှာလည်း ပြည်သူ့ဝန်ထမ်းဖြစ်၍ စွပ်စွဲခံရသူများကို မတော်မတရား ပြုကျင့်မည်မဟုတ်ဘဲ သိမ်းဆည်းထားသော ပစ္စည်းများအား သက်သေခံအဖြစ် လက်ခံပေးရန် လျှောက်ထားသည်။ စွပ်စွဲခံရသူ၏ရှေ့နေ- စွပ်စွဲခံရသူများထံမှ သိမ်းဆည်းသော သက်သေပစ္စည်းများမှာ ရှာဖွေပုံစံဖြင့် တိုက်ရိုက် သိမ်းဆည်းခြင်း မဟုတ်ဘဲ အဆင့်ဆင့် လွှဲပြောင်းပြီးမှ သိမ်းဆည်းသဖြင့် စွပ်စွဲခံရသူများ၏ ပစ္စည်များ အစစ်အမှန် ဟုတ်၊ မဟုတ် တိကျသေချာစွာ စစ်ဆေးပြီးမှသာ သက်သေခံအဖြစ် လက်ခံသင့်ကြောင်း သက်သေအဖြစ် အလွယ်တကူ လက်သင့်မခံရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း ထပ်မံလျှောက်ထားသည်။ သုံးသပ် ဆုံးဖြတ်ရန်မှာ ယခု သက်သေခံအဖြစ် တင်ပြသော သက်သေခံပစ္စည်းများသည် Electronic ဆိုင်ရာပစ္စည်းများ ဖြစ်သည်။ Electronic ဆိုင်ရာ မှတ်တမ်းများ (ဓာတ်ပုံ၊ ဗွီဒီယို၊ အသံဖိုင်) စသည်များကို သက်သေခံအဖြစ် တင်ပြခြင်းမဟုတ်ပါ။ ဒုတိယအချက်မှာ သက်သေခံပစ္စည်းများသည် စွပ်စွဲခံရသူများ၏ ပစ္စည်းများ ဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုချက်မျှသာရှိပြီး စွပ်စွဲခံရသူများက ရှာဖွေပုံစံဖြင့် အပ်နှံပေးခဲ့ကြောင်းလည်း မပေါ်ပေါက်သေးပေ။ ယခုအမှုတွင် ရဲအရာရှိ ရှာဖွေပုံစံပါ သိမ်းဆည်းထားသော ပစ္စည်းများကို သက်သေခံအဖြစ် တင်ပြရခြင်း ဖြစ်သည်။ သက်သေခံအဖြစ် လက်ခံမှသာ နှစ်ဖက် သက်သေခံချက်များ ရှာဖွေခြင်းဖြင့် အမှုကို ပြိုင်ဆိုင်၍ရမည် ဖြစ်သည်။ ၎င်းပစ္စည်းများကို တရားလို ဗိုလ်သက်နိုင်ဦးက ရဲထံ အပ်နှံပေးခဲ့ကြောင်း ထင်ရှားပြီးဖြစ်သည့် အချက်တွင် သက်သေခံအဖြစ် လက်ခံရန် ဆုံးဖြတ်သည်။ - ရှာဖွေပုံစံ သက်သေခံ ခ-၁ ပါ အမှတ်စဉ်-၁၀ ဖြင့် သိမ်းဆည်းထားသော Mi ဖုန်းတလုံး၊ ဆင်းကတ် နှစ်ခုတို့ကို EV-ခ-၁၀ အဖြစ် လက်ခံရန်။ - အမှတ်စဉ်-၁၁ အဖြစ် သိမ်းဆည်းထားသော ဦးသိန်းဇော်၏ Samsung ဖုန်းတလုံး၊ GT8 2500 မော်ဒယ် ဖုန်းတလုံးနှင့် ဖုန်းတွင်းပါ MPT ဆင်းကတ်တခုတို့အား သက်သေခံအဖြစ် ရုံးတော်သို့  တင်ပြကြပါသည်။ စဉ်-၁၁ ပါ ဆမ်ဆောင်းဖုန်းတလုံးကို သက်သေခံ ခ-၁၁ အဖြစ် လည်းကောင်း၊ - အမှတ်စဉ်-၁၂ ဖြင့် သိမ်းထားသော ဦးသိန်းဇော်၏ Sony အမျိုးအစား အသံဖမ်းစက်တလုံးကို ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းပါသည်။ ဦးသိန်းဇော် Lenovo ကွန်ပျူတာ၊ ဦးသိန်းဇော်၏ Canon ကင်မရာတလုံးကိုလည်းကောင်း သက်သေခံအဖြစ် တင်ပြပါသည်။ - အမှတ်စဉ်-၁၂ ပါ Sony အသံဖမ်းစက်ကို EV-ခ-၁၂ အဖြစ်လည်းကောင်း၊ စဉ်-၁၃ ပါ Lenovo ကွန်ပျူတာကို EV-ခ-၁၃ အဖြစ်လည်းကောင်း၊ စဉ်-၁၄ ပါ Canon ကို EV-ခ-၁၄ အဖြစ် လက်ခံသည်။ - အမှတ်စဉ်-၁၅ ဖြင့် သိမ်းထားသော မှတ်ပုံတင်ကတ်ပြား ၄ ခုအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းကောင်း၊ မောင်ပြည့်ဘုန်းအောင် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း၊ မောင်သိန်းဇော် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းကိုလည်းကောင်း ကိုင်ဆောင်သူ လက်ဝဲလက်မပုံ ရိုက်နှိပ်ထားခြင်းမရှိသော မိုင်းဆန်းညွန့် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းကောင်း ရုံးတော်သို့ သက်သေအဖြစ် တင်သွင်းသွားပါသည်။ - ဦးအေးနိုင် အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကို EV-ခ-၁၅ အဖြစ်လည်းကောင်း၊ မောင်ပြည့်ဘုန်းအောင် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ကို သက်သေခံ ခ-၁၆ အဖြစ် လည်းကောင်း၊ မောင်သိန်းဇော် အမည်ပါ နိုင်ငံသားကတ်ကို သက်သေခံ ခ-၁၇ အဖြစ် လည်းကောင်း၊ မိုင်းဆန်းညွန့် အမည်ဖြင့် နိုင်ငံသားကတ်ပြားကို သက်သေခံ ခ-၁၈ အဖြစ် လည်းကောင်း လက်ခံရန်။ - အမှတ်စဉ်-၁၆ ဖြင့် သိမ်းဆည်းထားသည့် ပြည့်ဘုန်းအောင် အမည်ပါ ဒီဗွီဘီ သတင်းဌာနမှ ထုတ်ပေးထားသည့် သတင်းထောက်ကတ်ကို ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြပါရန်။ သက်သေခံ ခ-၁၉ အဖြစ် လက်ခံသည်။ - အမှတ်စဉ် - ၁၉ ဖြင့် သိမ်းဆည်းထားသော စီဒီခွေမှတ်တမ်း ဖော်ပြပါ သက်သေခံ ဖုန်း၊ ကွန်ပျူတာများအတွင်းမှ TNLA နှင့်ဆက်နွှယ်သော မှတ်တမ်းဓာတ်ပုံများကို ကူးယူထားသော စီဒီခွေ ဖြစ်ပါသည်။ ယင်း စီဒီကို ရုံးတော်သို့  စွပ်စွဲခံရသူရှေ့နေက ရှာဖွေပုံစံပါ စီဒီခွေတချပ်သည် Electronic ဆိုင်ရာ ပစ္စည်းဖြစ်၍ Electronic ဆိုင်ရာ ပစ္စည်းများကို သက်သေခံအဖြစ် တင်ပြခြင်း၊ သက်သေထင်ရှား မပြုရသေးမီ သက်သေခံအဖြစ် လက်ခံခြင်းမပြုရန် ကန့်ကွက် လျှောက်ထားသည်။ စွပ်စွဲခံရသူ၏ ရှေ့နေ သက်သေခံ စီဒီခွေတချပ်ကို တဆင့် ကြားသိသူ သက်သေက သက်သေခံအဖြစ် တင်ပြခြင်းဖြစ်၍ လက်ခံခြင်းမပြုရန်၊ တိကျခိုင်မာသော သက်သေများ စစ်ဆေးသည့်အခါမှ သက်သေခံအဖြစ် လက်ခံသင့်ကြောင်း ကန့်ကွက် လျှောက်ထားသည်။ စွပ်စွဲခံရသူများ ၁+၂ ၏ ရှေ့နေ သက်သေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ-၃ စာမှတ်စာတမ်း ဆိုသည့် အဓိပ္ပာယ်အောက်တွင် In this expression electronic Record and information second စကားရပ်ဖြင့် ဖြည့်စွက်ခဲ့ပါသည်။ ထို့ကြောင့် စီဒီဟုခေါ်သော Disc သည် စာမှတ်စာတမ်း၏ အစားထိုးသော အပိုဒ်(၄) တွင် အကျုံးဝင်လျက် ရှိပါသည်။ သက်သေခံဥပဒေပုဒ်မ ၆၁၊ ၆၂ တို့အရ မူရင်းသက်သေခံချက်အရ ဖြစ်စေ၊ ဒုတိယအဆင့် သက်သေခံချက်အရ ဖြစ်စေ သက်သေထင်ရှားပြသနိုင်ရမည်ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။ သက်သေခံဥပဒေပုဒ်မ EV ၏ ဆိုလိုရင်းသဘောမှာ တရားရုံးက ကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် မူရင်းစာမှတ်စာတမ်းကို ဆိုလိုခြင်း ဖြစ်သည်။ ပြင်ဆင်သည့် သက်သေခံဥပဒေပုဒ်မ ၆၂ ရှင်းလင်းချက်-၃ အရလည်းကောင်း၊ EV-၆၃ ပုဒ်မခွဲ-၂ အရ လည်းကောင်း၊ အခြားနည်းပညာလုပ်ငန်းစဉ် တရပ်ရပ်ကို အသုံးပြု၍ မူရင်းမှ ရရှိသော မိတ္တူဖြစ်ပါက ယင်းမိတ္တူစစ်မှန်ကြောင်း တိကျခိုင်မာစေ၍ အဆိုပါမိတ္တူများအား ပုဒ်မ-၆၂ မှ ရှင်းလင်းချက်-၃ ကို အခြေပြု၍ ရရှိသည့် မိတ္တူများနှင့် တိုက်ဆိုင်စစ်ဆေး အတည်ပြုရန် ပြဋ္ဌာန်းထားသည်။ စွပ်စွဲခံရသူ၏ရှေ့နေ တရားသူကြီးမင်းရှင့်၊ ယခု သက်သေခံတင်သွင်းသော စီဒီပြားသည် တရားလိုပြသက်သေက ရုံးတော်ရှေ့မှောက်တွင် ရှင်းလင်းပြတ်သားစွာ သက်သေထင်ရှား ပြသနိုင်ခြင်း မရှိခြင်း၊ ရှာဖွေပုံစံ သက်သေခံ-ခ ပါ ဖုန်း ၉ လုံး၊ ကင်မရာ ၂ လုံး၊ အသံဖမ်းစက် ၁ လုံး၊ ကွန်ပျူတာ တလုံးတို့မှ ကူးထားသော စီဒီချပ်အား သက်သေခံတင်သွင်းချက်မှာ ဥပဒေ ပြဋ္ဌာန်းချက်ပါနှင့် ညီညွတ်ခြင်းမရှိ ဆန့်ကျင်ကွဲလွဲလျက် ရှိပါသည်။ တရားလိုပြသက်သေသည် သက်သေခံ-ခ ရှာဖွေပုံစံပေါ်၌ အပ်နှံထားသော ပစ္စည်းများပေါ်မှ အကြောင်းအချက်များအား စီဒီပြားဖြင့် ခုတ်ယူကြောင်း ထွက်ဆိုနေသော်လည်း မည်သည့် ဖုန်း၊ မည်သည့်ကွန်ပျူတာ၊ မည်သည့်အသံဖမ်းစက်များမှ ကူးယူထားကြောင်း သက်သေထင်ရှား ပြသနိုင်ခြင်း မရှိပါ။ ရုံးတော်ရှေ့မှောက်တွင် ဆန့်ကျင်ခြင်းအားဖြင့် မည်သည့်အကြောင်းအရာမျှ မြင်တွေ့သိရှိခြင်း မရှိပါဘဲလျက် သက်သေခံတင်သွင်းခြင်းမှာ တန်ဖိုးမဲ့သော စီဒီပြားတချပ်သာ ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းစီဒီပြားထဲမှ မည်သည့်အချက်အလက်မှ မြင်တွေ့သိရှိခြင်း မရှိ၊ သက်သေထင်ရှားပြသနိုင်ခြင်း မရှိသော စီဒီပြားအား ရုံးတော်အနေဖြင့် သက်သေခံအဖြစ် တင်သွင်းခြင်းနှင့် မပြုသင့်ပါကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါသည်။ စွပ်စွဲခံရသူ၏ရှေ့နေ သက်သေခံစီဒီသည် မိတ္တူဖြစ်နေ၍ မိတ္တူမှန်ကြောင်း တိုက်ဆိုင်စစ်ဆေးရန် မူရင်းကို တင်ပြထားခြင်းမရှိ၍ သက်သေခံအဖြစ် တင်ပြခြင်းမပြုရန် ကန့်ကွက်လျှောက်ထားသည်။ ဥပဒေအရာရှိ အမှုမှ တင်ပြထားသော စီဒီသည် ကူးယူရရှိထားသော မှတ်တမ်းဓာတ်ပုံများ ထည့်ထားသည် ဆိုသော်လည်း အဆိုပါ မှတ်တမ်းဓာတ်ပုံတို့၌ မည်သို့ပါရှိသည်ကို Electronic နည်းဖြင့် ကူးယူရရှိခြင်း ဖြစ်သဖြင့် စာတမ်းအမှတ်အသား တခုလည်း ဖြစ်ပါသည်။ အဆိုပါ စီဒီချပ်အား သက်သေခံအဖြစ် လက်ခံပြီးမှသာ စီဒီတွင်ပါသော အကြောင်းအရာကို သက်သေထင်ရှားပြနိုင်သည့် အခြေအနေတွင် ရုံးတော်မှ သက်သေခံအဖြစ် လက်မခံသင့်ကြောင်း လျှောက်ထားတင်ပြပါသည်။ ရုံးတော် သက်သေခံ စီဒီခွေ အားလုံးရှေ့ ကွန်ပျူတာနှင့် ဖွင့်ကြည့်ပြီးမှ သက်သေခံအဖြစ် လက်ခံခြင်းပြု၊ မပြု ဆုံးဖြတ်မည် ဖြစ်သည်။ စွပ်စွဲခံရသူ ၁+၂ ရှေ့နေ သက်သေခံ စီဒီခွေသည် မည်သည့်နေရာက ကူးယူရရှိကြောင်း မပေါ်ပေါက်သေးသဖြင့် Electronic ဥပဒေအရလည်း မည်သို့ ကူးယူရရှိနိုင်ကြောင်းလည်း ဖော်ပြခြင်း မရှိသေး၍ ရုံးရှေ့တွင် ဖွင့်လှစ်မကြည့်သင့်ကြောင်း၊ သက်သေခံ စီဒီခွေကိုသော်လည်းကောင်း၊ ယင်းအခွေအတွင်းတွင် ပါသည့် electronic ဆိုင်ရာ ပစ္စည်းများကိုသော်လည်းကောင်း ရုံးတော်က သက်သေခံအဖြစ် လက်ခံပါက စွပ်စွဲခံရသူများ၏ အခွင့်အရေး နစ်နာနိုင်ဖွယ်ရာ ရှိသည့်အတွက် အလွန်အရေးကြီးသော သက်သေခံချက်တရပ် ဖြစ်သည့်အတွက် ဥပဒေနှင့် ညီညွတ်မှသာ သက်သေခံအဖြစ် လက်ခံနိုင်၍ နောင်လာမည့် ရုံးချိန်းကျမှ အကျယ်တဝင့် လျှောက်လဲတင်ပြလိုကြောင်း၊ ထိုသို့ လျှောက်လဲတင်ပြပြီးမှသာ ရုံးတော်က အမိန့်ချမှတ်ပေးနိုင်ပါရန် လျှောက်ထားပါသည်။ နောင်လာမည့် ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက် ကြားနာပြီးတော့မှ သက်သေခံ စီဒီခွေကိုသော်လည်းကောင်း၊ ယင်းစီဒီအတွင်းမှ မှတ်တမ်းများကိုသော်လည်းကောင်း၊ သက်သေခံအဖြစ် လက်ခံခြင်း ပြုသင့်၊ မပြုသင့် ရုံးရှေ့တွင် ဖွင့်ကြည့်သင့်၊ မကြည့်သင့် ဆုံးဖြတ်မည်ဖြစ်၍ အမှုကို ပြန်လည်ရွှေ့ဆိုင်းလိုက်သည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024