ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အမျိုးသားလွှတ်တော်၌ ထပ်မံဆွေးနွေးမည်
နေဖြိုးဝင်း
·
August 21, 2017
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်မံဆွေးနွေးကြဖို့ရှိနေပါတယ်။
ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက သြဂုတ် ၂၁ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးမှာ အသိပေး တင်ပြခဲ့ပါတယ်။
ဒီဥပဒေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်က မူလပြဌာန်းချက်ဖြစ်တဲ့ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က တော့ ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်လို့ ပြင်ဆင်ချက်နဲ့ အတည်ပြုလိုက်ထားတာပါ။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်းက “ အခု ဒီနေ့ ဥက္ကဋ္ဌက ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေ စာရင်းပေးပါဆိုတော့ စာရင်းပေးကြလိမ့်ဦးမယ်။ စာ ရင်းပေးပြီးတော့ နှစ်နှစ်ထားမလား၊ သုံးနှစ်အောက်ထားမလား၊ သုံးနှစ်ပဲထားပြီး အာမခံပေးမယ်ဆိုတဲ့ အမျိုး သားလွှတ်တော်ရဲ့ ရပ်တည်ချက်အတိုင်း ဖြစ်မလားဆိုတာ ထပ်ဆွေးနွေးရမှာ။ အခု လာမယ့် အပတ်ထဲမှာပေါ့ ” ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရသူတွေကို အာမခံပေးဖို့အချက်ကိုတော့ လွှတ်တော်နှစ်ရပ် သဘောတူကြပါတယ်။
ပြည်သူ့လွှတ်တော်က အသရေဖျက်မှုဆိုတဲ့ စကားလုံးကို ပယ်ဖျက်ဖို့နဲ့ ထောင်ဒဏ် နှစ်နှစ်ဆိုတဲ့ အချက်တွေကိုတော့ အမျိုးသားလွှတ်တော်မှာ ထပ်မံဆွေးနွေးကြမှာဖြစ်ပါတယ်။