ရာသီတုပ်ကွေး A(H1N1) ရောဂါကြောင့် သေဆုံးသူ ၃၀ ရှိပြီ
DVB
·
August 21, 2017
ရာသီတုပ်ကွေး A(H1N1) ရောဂါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ သေဆုံးသူ အယောက် ၃၀ အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းအထိ သံသယလူနာ ၂၄ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာမှာ H1N1 ပိုးတွေ့ လူနာ ၉ ယောက် ထပ်မံတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ ၇၉၇ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၂၉၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။
မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A(H1N1) ပိုးတွေ့ အတွင်းလူနာ ၃ ယောက်နဲ့ တခြားတိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံကြီးတွေမှာ A(H1N1) ပိုးတွေ့ အတွင်းလူနာ ၃၃ ယောက်၊ စုစုပေါင်း ၃၆ ယောက် ဆက်လက် ဆေးဝါးကုသမှုခံယူနေပြီး အများစုက သက်သာနေပြီလို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက် ကုသနေသူတွေထဲမှာ H1N1 ပိုးတွေ့ လူနာတွေသာမက ပိုးမတွေ့ လူနာတွေကိုလည်း လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ ကုသရေး လမ်းညွှန်အတိုင်း ထိရောက်တဲ့ ကုသမှုတွေ ရရှိဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။