Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးမှုရှိစေရန် လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးအရေးယူသွားမည်
DVB
·
August 21, 2017
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို တရားဥပဒေစိုးမိုးမှု ရှိစေဖို့အတွက် စစ်ဆေးအရေးယူ ဆောင်ရွက်သွားမယ်လို့ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ပြောပါတယ်။ ရမ်းဗြဲမြို့နယ်အတွင်းရှိ မော်တော်ယာဉ်တွေမှာ လိုင်စင်မဲ့ကားတွေ ပါဝင်နေမှု များနေလို့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာပါက စုံစမ်းမေးမြန်းရာမှာ အခက်ခဲရှိနေခြင်း၊ နိုင်ငံတော်အခွန်ဘဏ္ဍာ ဆုံးရှုံးမှုတွေ ရှိနေလို့ ပညာပေး စစ်ဆေးအရေးယူ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက “အဓိကရည်ရွယ်တာက ကားကိုပါ။ ဆိုင်ကယ်တွေလည်း ပါပါတယ်။ ဆိုင်ကယ်စီးရင်တော့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းရမှာပေါ့။ နောက်ပြီး ဆိုင်ကယ်တစီးရဲ့ အင်္ဂါရပ်ပြည့်စုံအောင်လည်း တပ်ဆင်ထားရပါမယ်။ လောလောဆယ်တော့ ပညာပေးကာလအဖြစ် ၂ ပတ်လောက်ကိုတော့ စစ်ဆေးပညာပေးမှုတွေ လုပ်သွားမှာပါ” လို့ ပြောပါတယ်။ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်အတွင်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို သြဂုတ် ၁၅ ရက်နေ့မှစ၍ စစ်ဆေးပညာပေးခြင်း လုပ်ငန်းတွေကို ၂ ပတ်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ယာဉ်ပိုင်ရှင်တွေကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲ အရေးယူသွားမှာဖြစ်ပြီး မော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်တို့က ရွာဘက်မှာနေကြတော့ ဘလက်(လိုင်စင်မဲ့)ကားကို ကိုယ်ပိုင်ဝယ်စီးတာမျိုးတော့ မရှိပါဘူး။ ရွာမှာက သာရေး/နာရေးကူညီဖို့အတွက် ၁ စီးနဲ့ မြို့ပေါ်မှာ ဈေးဝယ်ဖို့ ၁ စီးပဲ ရှိတာပါ။ မြို့ပေါ်တခါတက်ဖို့ဆိုတာက မလွယ်ကူပါဘူး။ ဒါကြောင့် ဒီကားသာမရှိရင် ရွာအတွက် အများကြီး အခက်အခဲ ဖြစ်လာနိုင်ပါတယ်” လို့ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုစံပြကျေးရွာမှ မော်တော်ယာဉ်မောင်းတဦးက ပြောပါတယ်။ ရမ်းဗြဲမြို့နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်းက ယာဉ်တိုက်မှုပေါင်း ၄၀၃ မှုရှိခဲ့ရာ ဒဏ်ရာရရှိသူပေါင်း ၆၈၃ ယောက်နဲ့ သေဆုံးသူပေါင်း ၁၁၅ ဦး ရှိခဲ့ပါတယ်။ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သြဂုတ် ၁၅ ရက်နေ့ကစတင်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေနဲ့ မော်တော်ယာဉ် မောင်းနှင်သူတွေကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ ပညာပေး လက်ကမ်းစာစောင်တွေ အခမဲ့ဖြန့်ဝေတာတွေကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024