Home
မြန်မာသတင်း
“ကျမတို့မှာ မျှော်လင့်စရာ အမှန်တရားတခုပဲ” ဦးကိုနီ၏သမီး ဒေါက်တာယဉ်နွယ်ခိုင်
DVB
·
August 18, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံခဲ့တဲ့ ကြည်လင်းနဲ့ ဒီအမှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ  ရုံးထုတ်စစ်ဆေးပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ သက်သေ ၅ ယောက် စစ်ဆေးခဲ့ပါတယ်။ ဒီအမှုမှာ သက်သေ အယောက် ၈၀ ကျော်ကို စစ်ဆေးဖို့ရှိပြီး ဒီကနေ့အထိ အယောက် ၂၀ ကျော်ကို  စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။ ဦးကိုနီဘက်က လိုက်ပါအကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက  မကြာမီ ရုံးချိန်းအတွင်းမှာ အမှုရဲ့ ရုပ်လုံးပေါ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ “အမှုတည်ဆောက်မှုကတော့ လတ်တလောအားဖြင့် ကျနော်တို့ မကြာမီ ရုံးချိန်း ၂ ချိန်း ၃ ချိန်းလောက်ဆိုရင် ကျနော်တို့ ဒီအမှုရဲ့ ရုပ်လုံးက ပေါ်လာမယ်လို့ပဲ မျှော်လင့်တယ်။ နောက်တခုက အောင်ဝင်းခိုင် ဖမ်းဆီးရမိခြင်း မရှိတဲ့အတွက်ကြောင့်မို့လို့ ဘာကြောင့်မို့ သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရင်းက ကျနော်တို့ မသိရသေးဘူး။ မသိရသေးတဲ့ အတွက်ကြောင့်မို့ သိရရေးအတွက် အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးအတွက် မိသားစုကိုယ်စား အားလုံးအတွက်ကို မေတ္တာရပ်ခံရမယ်ဆိုရင်တော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဗမာနိုင်ငံထဲမှာ ရှိနေတဲ့ အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။” ဦးကိုနီ လုပ်ကြံခံရစဉ်က လေဆိပ်မှာ သွားကြိုခဲ့တဲ့ ဦးကိုနီ သမီးဒေါက်တာယဉ်နွယ်ခိုင်က အမှန်တရားတခု အမြန်ပေါ်လာဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေနဲ့ မေးမြန်းစဉ် ပြောဆိုခဲ့ပါတယ်။ “ဘယ်လိုအမှုပဲဖြစ်ဖြစ်လေ သေသွားတဲ့သူအတွက်ကတော့ ကျမတို့အတွက် ဘာမှ ပြန်ရလာစရာ အကြောင်းမရှိဘူး။ ကျမတို့မှာ မျှော်လင့်စရာ အမှန်တရားတခုပဲ ရှိတယ်။ အဲဒီ အမှန်တရားဆိုတာ ကျမတို့ မိသားစုထက်ကို နိုင်ငံအတွက်ကော ဥပဒေရေးရာအတွက်ကော၊ သိပ်ကိုလိုအပ်တယ်လို့ ကျမ ထင်တယ်။ အမှန်တရားထွက်မှ ဖြစ်လိမ့်မယ်။ မထွက်ဘူးဆိုရင် ကျမတို့နိုင်ငံအတွက်ကော ဥပဒေရေးရာအတွက်ကော အရမ်းကို လက်ညှိုးထိုးစရာဖြစ်လိမ့်မယ်။” ဦးကိုနီ လုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ပုဒ်မ ၃၀၂/၃၄ အပြင် လက်နက်မှု ပုဒ်မ ၁၉ (ဃ)၊ ၁၉(စ) တို့နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကို ထွက်ပြေးတရားခံကို အားပေးအားမြှောက်ပြုတဲ့အတွက် ပုဒ်မ၂၁၂ နဲ့ စွဲချက်တင်ထားပြီး ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ကိုတော့ ပုဒ်မ ၃၀၂/၃၄ နဲ့ စွဲချက်တင်ထားတယ်လို့ တရားလွှတ်တော်ရှေ့နေဦးနေလက ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရတာဖြစ်ပြီး အဓိက တရားခံ တဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကိုတော့ ခုချိန်ထိ ရဲက ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024