Live
Home
မြန်မာသတင်း
ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်များအမှု အာမခံ ထပ်မံပယ်ချခံရ(ရုပ်သံ)
ကျော်ဇေယျာဝင်း
·
August 18, 2017
မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေ အပါအဝင် ၆ ဦးရဲ့အမှုကို သီပေါမြို့ တရားရုံးမှာ  ဒီကနေ့  စတုတ္ထအကြိမ် ရုံးထုတ်ပါတယ်။ ဒီတခေါက်ရုံးချိန်းမှာ သတင်းသမားတွေအတွက် အာမခံလျောက်ထားချက်ကို တရားရုံးက ဒုတိယအကြိမ် ထပ်မံပယ်ချလိုက်ပါတယ်။ တရားလိုပြသက်သေ ၇ ဦးကို ဆက်လက်စစ်ဆေးဖို့လိုအပ်နေတာ၊  စွပ်စွဲခံရသူတွေဟာ သာကေတ၊ အလုံ၊ နမ်ခမ်း၊ မူဆယ် ဒေသတွေက ဖြစ်တဲ့အတွက် အမှုစစ်ဆေးရာမှာကြန့်ကြာနိုင်တာ၊  ဒီအမှုက အများစိတ်ဝင်စားတဲ့အမှုဖြစ်နေပြီး လုံခြုံရေးအများအပြားယူကာ ရုံးထုတ်စစ်ဆေးနေရတဲ့အတွက်ဆိုတဲ့ အချက်တွေနဲ့ အာမခံထပ်မံ လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း အမိန့်ချမှတ်လိုက်တာပါ။ ဒီကနေ့မနက်ရုံးချိန်းမှာ တပ်မတော်ဘက်က တရားလိုပြသက်သေတွေဖြစ်တဲ့ ဗိုလ်မှူး မြတ်မွန်အောင်၊ ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဗိုလ်ကြီး အောင်လင်းထက်တို့ ၃ ဦး တရားရုံးကို လာရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တတိယအကြိမ်မြောက် ရုံးချိန်းမှာတုန်းက ဆင့်ခေါ်ထားတဲ့ တပ်မတော်ဘက်က အရာရှိ နှစ်ယောက်ရှေ့တန်းထွက်နေတဲ့အတွက် လာရောက်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သတင်းထောက်တွေ အချုပ်ထဲမှာ နေနေရတဲ့ အချိန်တွေ ကြန့်ကြာတယ်ဆိုပြီးတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။ တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024