ကုန်ကားက အသုဘယာဉ်တန်း လမ်းရှင်းသူအား ၀င်တိုက်မိ၍ သေဆုံး
DVB
·
August 18, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်မှာ သြဂုတ် ၁၇ ရက်နေ့က အသုဘပို့လာတဲ့ ယာဉ်တန်းအား လမ်းရှင်းပေးနေသူတဦးကို ၁၂ ဘီး ကုန်တင်ယာဉ်တစီးက ဘရိတ်ပေါက်ပြီး ဝင်တိုက်မိရာမှ သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ သြဂုတ် ၁၇ ရက်နေ့၊ ညနေ ၂ နာရီခွဲအချိန်က ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်းအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၅/၂)နှင့်(၁၂၅/၃) အကြားမှာ ခင်ဇော်ဦး မောင်းနှင်လာတဲ့ ၁၂ ဘီးတပ်ကုန်တင်ယာဉ်ဟာ ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင်မှ အသုဘပို့ယာဉ်တန်းအား တိမ်းရှောင်ရာမှ လိုက်ထရပ်စ်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီးအား တိုက်မိခဲ့ပြီးနောက် အသုဘယာဉ်တန်းအား လမ်းရှင်းပေးနေတဲ့ အသက် ၂၀ အရွယ် ဇင်မင်းစိုးကို တိုက်မိ ခဲ့တာဖြစ်ပါတယ်။
ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ကုန်တင်တဲ့ယာဉ်က မောင်းလာရင်း ဘရိတ်ပေါက်သွားလို့ မျက်နှာချင်းဆိုင်ဘက်ကလာတဲ့ အသုဘယာဉ်တန်းကို ရှောင်လိုက်တာ လိုက်ထရပ်စ်ကားကို အရင်းဆုံးဝင်တိုက်တာပါ။ ပြီးတော့ အသုဘယာဉ်တန်းမှာပါတဲ့ ဆိုင်ကယ်တစ်စီးကို ထပ်တိုက်ပြီး ဒီလိုထပ်တိုက်မိခဲ့တာပါ" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဇင်မင်းစိုးမှာ ဦးခေါင်းကြေမွဒဏ်ရာ၊ ခါးအောက်ပိုင်းကြေမွဒဏ်ရာတွေ ရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူတွေနဲ့ လိုက်ပါစီးနှင်းလာသူတွေလည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်လို့ မော်တော်ယာဉ်မောင်း ခင်ဇော်ဦးကို ဘီးလင်းမြို့မရဲစခန်းက ယာဉ်(ပ)၃၄/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး