အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိဟု မာလာလာ ပြော

ဓာတ်ပုံ - အေအက်ဖ်ပီ
ပါကစ္စတန် ပညာရေး တက်ကြွလှုပ်ရှားသူနဲ့ အသက်အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆဲ့ဖ်ဇိုင်ဟာ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ခွင့်ရအပြီး စိတ်လှုပ်ရှားရတယ်လို့ သြဂုတ် ၁၇ ရက်က ပြောလိုက်ပါတယ်။ အသက် ၂၀ ရှိပြီဖြစ်တဲ့ မာလာလာကို ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်က နိုင်ငံရေး အတွေးအခေါ်နဲ့ စီးပွားရေးဘာသာရပ် လေ့လာသင်ယူဖို့ လက်ခံလိုက်တာပါ။ ဒီဘာသာရပ်ကို အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ လေ့လာခဲ့သူတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုတို့လည်း ပါပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်ဟာ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေထဲက တခုပါ။ ပါကစ္စတန်နိုင်ငံအတွင်း တာလီဘန်တွေက အမျိုးသမီးတွေ ပညာသင်ခွင့်ကို ငြင်းပယ်ဖို့ အားထုတ်တာကို မာလာလာက ဆန့်ကျင်တဲ့ လှုပ်ရှားမှု လုပ်ခဲ့တာပါ။ အဲဒီနောက် သူ့ကို တာလီဘန်တွေက ပစ်မှတ်ထားပြီး ၂၀၁၂ ခုနှစ်မှာ တာလီဘန် သေနတ်သမားတယောက်က သူ့ခေါင်းကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ဗြိတိန်နိုင်ငံကို သယ်ဆောင် ခွဲစိတ်ကုသပြီး ဦးခေါင်းခွံကို သံမဏိပြားနဲ့ ပြန်ပိတ်ခဲ့ရပါတယ်။ မာလာလာဟာ ဆေးရုံကဆင်းပြီးနောက် အင်္ဂလန်မှာပဲ ကျောင်းဆက်တက်ခဲ့ပါတယ်။ ဒီနောက် အထက်တန်းကျောင်းရလဒ်တွေ ထွက်လာအပြီးမှာ သူမဟာ ဗြိတိန်က တခြားကျောင်းသားတွေလိုပဲ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up