အမေရိကန်နိုင်ငံ၊ ရှားလော့စ်ဗေလ်မြို့မှာ လူဖြူမျိုးချစ်သမားတွေ ဆန္ဒပြပွဲကို သမ္မတဟောင်း အိုဘားမားက တွစ်တာပေါ်မှာ တုံ့ပြန်မှတ်ချက် ရေးသားတင်ပြီးနောက် ဒီမှတ်ချက်က တွစ်တာသမိုင်းမှာ လူကြိုက်အများဆုံးမှတ်ချက် ဖြစ်နေတယ်လို့ သိရပါတယ်။
ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗေလ်မြို့က ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကို အိုဘားမားက နယ်လ်ဆင်မင်ဒဲလား ပြောခဲ့တာကို ရည်ညွှန်းပြီး မှတ်ချက်ရေးသား ကန့်ကွက်ခဲ့တာဟာ ရက်အနည်းငယ်အတွင်း Like ၃ ဒသမ ၈ သန်းကျော် ရရှိကာ တွစ်တာရဲ့ လူမှုကွန်ရက် စာမျက်နှာခွဲတခုဖြစ်တဲ့ ဖက်ဗ်စတာကွန်ရက်ပေါ်မှာ လူကြိုက်အများဆုံး ရရှိတဲ့ မှတ်တမ်းဝင်ခဲ့တာပါ။
မစ္စတာ အိုဘားမား ၃ ခုဆက်တိုက်ရေးထားတဲ့ တွစ်တာမှတ်ချက်တွေကတော့ …
“အခြားတဦးဦးရဲ့ ဘာသာရေး၊ နောက်ခံဘဝ ဒါမှမဟုတ် အသားအရောင် ကွဲပြားခြားနားမှုတွေကြောင့် ဘယ်သူကမှ မွေးကတည်းက အဲ့ဒီအခြားလူကို အမုန်းထားဖို့ မွေးမလာဘူး။”
“လူတွေက မုန်းဖို့ သင်ယူရမယ်၊ အကယ်၍ မုန်းဖို့သင်ယူနိုင်ရင် ချစ်ခြင်းမေတ္တာတရားအကြောင်းကို သင်ကြားခံနိုင်ရမယ်။”
“ချစ်ခြင်းမေတ္တာတရားဆိုတာ သူတို့ရဲ့ ဆန့်ကျင်ဘက်တွေဆိုတာထက် လူသားရဲ့ နှလုံးသားကနေ သဘာဝအတိုင်း ရောက်လာတာဖြစ်တယ်” လို့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ ပြောဆိုချက်ကိုပါ ကိုးကားပြီး မှတ်ချက်ရေး တင်ခဲ့တာပါ။
အိုဘားမားက တွစ်တာပေါ်မှာ ဒုတိယနဲ့ တတိယမှတ်ချက်တွေကို တင်ပြီး တခုစီက မှတ်ချက်ပြန်လည်ရေးသားတာတွေ ၃ သိန်းကျော်စီ ရရှိချိန်မှာ ပထမမှတ်ချက်ကို ၁ ဒသမ ၅ သန်းကျော် မှတ်ချက်တွေ ပြန်လည် ရေးသားခဲ့ကြတာလို့ ဆိုပါတယ်။
သြဂုတ် ၁၂ ရက်နေ့က ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗေလ်မြို့မှာ လူဖြူမျိုးချစ်တွေရဲ့ ဆန္ဒပြပွဲဖြစ်ပြီး တန်ပြန်ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ဖြစ်ကာ ဆန္ဒပြပွဲအတွင်း လက်ယာအစွန်းရောက်သမား မောင်းတဲ့ ကားတစီး ဝင်တိုက်ခဲ့လို့ အသက် ၃၂ နှစ်အရွယ် ဟီသာဆိုတဲ့ တက်ကြွလှုပ်ရှားသူ ဥပဒေအကျိုးဆောင်ကုမ္ပဏီ ဝန်ထမ်းတဦး သေဆုံးခဲ့တယ်လို့လည်း မေရာသတင်းမှာ သြဂုတ် ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။