ကသာ-ဗန်းမော် ရထားလမ်းအတွက် နစ်နာခဲ့သည့် တောင်သူများကို လျော်ကြေးပေးမည်
DVB
·
August 17, 2017
ကသာ-ဗန်းမော် မီးရထားလမ်းစီမံကိန်းကြောင့် လယ်ယာမြေများနစ်နာခဲ့တဲ့ တောင်သူ ၂၀၀ နီးပါးကို လျော်ကြေးပေးသွားမယ်လို့ လည်ဆည်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
သြဂုတ် ၁၇ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မမှာ ကသာမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းရဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လယ်၊ ဆည်ဝန်ကြီး ဦးကမ်ဇာမုံက လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့တာပါ။
“ကသာ-ဗန်းမော်မီးရထားလမ်းကို ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၀၇-၀၈ ဘဏ္ဍာနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ကသာမြို့နယ်အတွင်းက တုတ်ကြီးကျေးရွာ၊ မိုးတားကြီးကျေးရွာ၊ ချောင်းဝကျေးရွာ၊ မင်းလယ်ကျေးရွာ၊ မှတ်တိုင်ကျေးရွာ၊ မိဿလင်ကျေးရွာ စတဲ့ ကျေးရွာအုပ်စု ၆ ခုက တောင်သူပေါင်း ၁၈၈ ဦးရဲ့ လယ်ယာမြေဧက ၃၀၃.၂၀ ဧကကို သီးနှံထောက်ပံ့ကြေးနှင့် မြေယာလျော်ကြေးပေးအပ်သွားနိုင်ရေးအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ နဲ့အညီ နစ်နာကြေး၊ လျော်ကြေးပေးရန် တွက်ချက်ထားပြီး မြို့နယ်၊ ခရိုင်၊ တိုင်းလယ်စီတို့မှတဆင့် ဗဟိုလယ်စီရဲ့ အတည်ပြုချက်ကိုရယူကာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန (မီးရထားစီမံကိန်း)မှ နစ်နာတောင်သူတွေကို ပေးအပ်သွားမယ်။”
၂၀၁၅ ခုနှစ်က စတင်ကာ အရှုံးပေါ်တဲ့အတွက် လက်ရှိမှာ ရထားမပြေးဆွဲတော့ဘဲ ရပ်နားခဲ့တာပါ။
စစ်အစိုးရခေတ်ကလုပ်ဆောင်ခဲ့တာဖြစ်လို့ မပြောရဲမဆိုရဲဖြစ်ပြီး အခု ဒီမိုကရေစီ အစိုးရလက်ထက် ပြောဆိုခွင့်ရတာတဲ့အချိန်ကျမှ သူတို့ရဲ့ နစ်နာမှုတွေကို လွှတ်တော် ကိုယ်စားလှယ်ကို တင်ပြလာလို့ လွှတ်တော်မှာ မေးခွန်းအဖြစ် မေးမြန်းခဲ့ရတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဒီဗွီဘီကိုပြောပါတယ်။
ရထားပြေးဆွဲခြင်းမရှိဘဲ ရပ်နားထားတာနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။