Home
မြန်မာသတင်း
မဲဆောက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သား A(H1N1) ရောဂါဖြင့် သေဆုံး
နန်းမြနဒီ
·
August 17, 2017
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားတဦး  A(H1N1) ရာသီတုပ်ကွေးရောဂါနဲ့ သေဆုံးသွားတယ်လို့  ထိုင်းရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်မြို့နယ် မဲ့လမော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ အသက် ၃၈ နှစ်ရွယ် နိုင်းနုပ်ဖွန်း ခမ်းယိုင်ဟာ  သြဂုတ် ၁၆ ရက်နေ့က A(H1N1 ) တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မဲဆောက်ဆေးရုံအုပ်ကြီး နိုင်းဆူချတ် ဖွန်းကျလွန်းဖုန်းက သတင်းထောက်တွေ ကို ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ရက်ပိုင်းက နေမကောင်းဖြစ်လို့ ဆေးရုံကိုရောက်လာရာမှာ H1N1  ရာသီတုပ်ကွေးရောဂါလက္ခဏာတွေဖြစ်တဲ့ လည်ပင်းနာ၊ ချောင်းဆိုး၊ အပူရှိန်မြင့် (အဖျားကြီး)တာ တွေဖြစ်ပေမယ့်လည်း မောပန်းနွမ်းနယ်တာတော့ မရှိကြောင်း၊ သူ့ရဲ့အဆုတ်ကို ဓာတ်မှန်ရိုက် ကြည့်ပေမယ့်လည်း ပုံမှန်အနေအထားဖြစ်နေတဲ့အတွက် H1N1 ပိုးကူးစက်ခံရသူတွေလို ပိုးသတ်ဆေးပေးခြင်း၊ ကုထုံးကုနည်းတွေအတိုင်း ကုသပေးပြီး သက်သာလာတော့ သူ့ဖာသူ အိမ်မှာပြန်နားခိုင်းလိုက်ကြောင်း၊ ဒါပေမယ့် မနေ့ကတော့ နေမကောင်းလို့ ဆေးရုံကို ပြန်လာပြရာ မှာ အချိန်အနည်းငယ်တွင်းမှာပဲ ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့  ဆေးရုံအုပ်ကြီးက ဆက်ပြောပါတယ်။ H1N1 ပိုးကူးစက်ခံရသူတွေဟာ ဆေးပုံမှန်သောက်ပြီး ကျန်းမာရေးဂရုစိုက်နေမယ်ဆိုရင် ၂ ရက် ၃ ရက်အတွင်း ပျောက်ကင်းသက်သာလေ့ရှိကြောင်း၊ နိုင်းနုပ်ဖွန်းလို အဖြစ်မျိုးတွေ့ရခဲပြီး တဦးတလေသာဖြစ်တတ်ကြောင်း၊ H1N1 ရောဂါပိုးဟာ သူ့နှလုံးထဲကို ၀င်ရောက်သွားတာလို့ ယူဆကြောင်း၊ နှလုံးထဲ H1N1 ပိုးဝင်သွားရင် နှလုံးခုန်မှုကို အနှောင့်အယှက်ပြုတဲ့အတွက် ရုတ်တရက်သေဆုံးသွားတတ်တယ်လို့  ဆိုပါတယ်။ ဆေးရုံရောက်လာတဲ့ လူနာတဦး အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါ ကြောင်း၊ လောလောဆယ် နိုင်းနုပ်ဖွန်းရဲ့သွေးကိုယူပြီး ထိုင်းအမျိုးသား ဗဟိုဆေးသိပ္ပံသုတေသန ဌာနကို ပို့ဆောင်ထားကာ အတည်ပြုချက်ရယူဦးမယ်လို့ ဆိုပါတယ်။ မဲဆောက်နေ ပြည်သူတွေလည်း မိမိကိုယ်မိမိကျန်းမာအောင်ဂရုစိုက်ကြဖို့၊ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်းတွေ ဖြစ်တယ်ဆိုရင် ဆေးရုံကို အမြန်လာပြပြီး လူစည်ကားရာ ဈေး၊ ကုန်တိုက်၊ ရုပ်ရှင်ရုံတွေလည်း ရှောင်ရှားဖို့၊ လက်ရှိမဲဆောက်ဆေးရုံကြီးမှာ H1N1 ကာကွယ်ဆေး ပြတ်လပ်နေပြီး ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့လာမှာကို စောင့်ဆိုင်းနေတဲ့ ကာလဖြစ်တဲ့ အတွက် မိမိကိုယ်မိမိ ဂရုစိုက်ကြဖို့ ဆေးရုံအုပ်ကြီးက ပြောသွားပါတယ်။ နိုင်းနုပ်ဖွန်းဟာ ဆောက်လုပ်ရေးကန်ထရိုက်တာတဦးဖြစ်ပြီး လုပ်ငန်းသဘောအရ မြန်မာပြည်ဘက်ခြမ်းကို မကြာခဏ ၀င်ထွက်သွားလာနေရသူဖြစ်ကြောင်း၊ ဒီတခေါက်လည်း မြန်မာပြည်ဘက်ခြမ်းကနေပြန်လာပြီး ခုလို နာမကျန်းဖြစ်ရတာလို့  မိသားစုဝင်တွေပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင်း ၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၇ သြဂုတ် ၇ ရက်ထိ H1N1 ပိုးတွေ့ လူနာစုစုပေါင်း ၅၈၅၆၄ ဦး ရှိပြီး၊ ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၁၆ ရက်အထိ A(H1N1) ရောဂါပိုးတွေ့ လူနာ ၂၆၂ ဦးရှိခဲ့ပြီး သေဆုံးလူနာ ၂၆ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024