Live
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံဝင်ရောက်လာ
DVB
·
August 16, 2017
  ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၅၃ ဦး အမျိုးသမီး ၁၈ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၇၄ ဦးဟာ သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ထပ်မံ ၀င်ရောက်လာပါတယ်။ ပြန်လည်ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ကော့သောင်း ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့တွေက မြို့မဆိပ်ကမ်းတံတားမှာ ကြိုဆိုကြပြီး အစားအသောက်တွေကျွေးမွေးကြကာ အလုပ်သမား တွေရဲ့ နေရပ်တွေဖြစ်တဲ့ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေကို ပြန်နိုင်ဖို့မော်တော်ယာဉ်တွေကို စီစဉ်ပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ကိုညွှန့်မောင်ရွှေက“ကျနော်က ထိုင်းနိုင်ငံ ပါတနီမှာ လှေလိုက်ပါတယ်။ လှေအတွက် ပစ္စည်းထွက်ယူရင်း ရဲနဲ့တွေပြီး ဘတ်ကတ်မရှိလို့ အဖမ်းခံရတာပါ။ အချုပ်ထဲမှာ ၄၈ ရက်နေခဲ့ရပါတယ်။ ခုနေရပ်ပြန်ပို့ပေးမယ့် အဖွဲ့တွေနဲ့တွေ့လို့ ပြန်လာရတာပါ။ ပြန်မသွားတော့ဘူး လို့တော့ ဆုံးဖြတ်ထားပါတယ်။ ဒီမှာပဲ ရရာအလုပ်လုပ်တော့မယ်”လို့ ပြောပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  တာဝန်ရှိသူတဦးက “ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက အလုပ်သမားတွေ ရဲ့ မော်တော်ယာဉ် စီးနင်းခတွေနဲ့ လမ်းခရီးတွင်စားသောက်ဖို့ ကုန်ကျစရိတ်တွေကို ကူညီပေး ခဲ့တယ်”လို့ ပြောပါတယ်။ ဒီနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်ကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ အလုပ်သမားဦးရေ ၁၉၆၅ ဦး ရှိပြီဖြစ်တယ်လို့ လဝကစာရင်းတွေအရ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024