ခန္ဓာကိုယ် ၂ ခု၊ ခြေထောက် ၈ ချောင်းဖြင့် မွေးလာခဲ့သည့် အံ့ဖွယ် သန္ဓေပြောင်းဝက်

ဓာတ်ပုံ - AsiaWire
တရုတ်နိုင်ငံမှာ ဝက်ကလေးတကောင်ဟာ မွေးဖွားလာချိန် ခန္ဓာကိုယ် ၂ ခု၊ ခြေထောက် ၈ ချောင်း ထူးထူးခြားခြား ပါဝင်လာခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်ခရိုင်၊ လင်ယီမြို့၊ ဖေ့ဒေသမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၁၄ ရက်နေ့က ဖော်ပြပါတယ်။ လယ်သမားတဦးဖြစ်တဲ့ ဂိုဘိုင်ကီဟာ သူ့ရဲ့ခြံထဲမှာ မွေးဖွားလာတဲ့ မွေးကင်းစ ဝက်ကလေးတွေကြားမှာ ဒီဝက်ကလေးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ခုလိုမျိုး မတွေ့ခဲ့ဖူးဘူးလို့ ဂိုက ပြောပါတယ်။ “ခေါင်းကတော့ တလုံးတည်းပဲ။ ဒါပေမယ့် ခန္ဓာကိုယ်က ဘေးမှာ တွဲလျက် ၂ ခု ဖြစ်နေပြီး ခြေထောက် ၈ ချောင်း ပါနေတာပါ။ တခြားကိုယ်အင်္ဂါတွေလည်း အကောင်းပကတိပါပဲ။” ဒါဟာ မျိုးဗီဇပြောင်းလဲမှုကြောင့်လား၊ မဖွံ့ဖြိုးတဲ့ သန္ဓေသားနဲ့ဆိုင်တဲ့ ပြဿနာကြောင့်လား ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ဂိုဟာ ဝက်ကလေးကို ပြုစုစောင့်ရှောက်ခဲ့ပေမယ့် အသက်မရှင်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တာပါ။ အနီးနားက ရွာသူရွာသားတွေဟာ ဒီထူးဆန်းတဲ့ ဝက်ကလေးကို လာရောက်ကြည့်ရှုခဲ့ကြပြီး ဒေသတွင်းမှာတော့ နာမည်ကြီးနေခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

More News
Up