Home
ဆောင်းပါး
ဘက်လိုက်မှုကင်းမဲ့ဇုန်တွေကို တည်ဆောက်နိုင်မလား
DVB
·
August 15, 2017
  ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ အများသူငှာ နားနေသည့် နေရာတွေကို အရက်ကင်းမဲ့ဇုန်များ ထားရှိကြတာ တွေ့ရှိကြောင်း သိရပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်းပဲ လမ်းသွားနေတဲ့ နေရာတွေမှာ ဟွန်းသံကင်းမဲ့ဇုန်တွေ ရှိပါတယ်။ တချို့လုပ်ငန်းခွင်တွေမှာလည်း ဆေးလိပ်ကင်းမဲ့ဇုန် ဆိုတာတွေကိုလည်း တွေ့ရပါတယ်။ ဒီလို ကင်းမဲ့ဇုန်တွေကို တွေ့လာရတော့ နိုင်ငံဖွံ့ဖြိုးရေး၊ လူမှုဘဝ တိုးတက်ရေးနှင့် ပတ်သက်ပြီး ကျနော်တို့နိုင်ငံရဲ့ လိုအပ်ချက်တွေထဲမှာ အခြေခံ လိုအပ်ချက်တခု ဖြစ်တဲ့ ဘက်လိုက်မှု ကင်းမဲ့မှုကို လိုလားနေမိပါတယ်။ အတိအကျညွှန်းရရင် ဘက်လိုက်မှု ကင်းမဲ့တဲ့ ဇုန်တွေကို လူအဖွဲ့အစည်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးလာနိုင်ရင်တော့ တိုင်းပြည်အတွက်လည်း ကောင်းမွန်ရာကို မျှော်လင့်နိုင်သလို၊ တိုင်းပြည်ကို မှီတည်နေတဲ့ လူထု၊ အစိုးရတို့ဟာလည်း လူမှုစိတ်သောကတခုကို လျှော့ချလာနိုင်မှာပါ။ လူဆိုတာ သစ်ပင်တပင်နှင့် တူပါတယ်လို့ ပါဘလိုကက်ဆယ် ဆိုသူက နှိုင်းယှဉ် ပြောခဲ့ဖူးပါတယ်။ သစ်ပင်တပင်မှာ သစ်ပင်တပင်ရဲ့ အဖော်အသင်းဖြစ်တဲ့ မြေကြီး၊ အမြစ်၊ အကိုင်းအခက်၊ အသီးအရွက်၊ ရေဓာတ် လေဓာတ်တွေ၊ နေရောင်ခြည် စတာတွေနဲ့ ကင်းကွာလို့ မရနိုင်သလို လူ ဆိုတာ လူနှင့်ဆက်နွှယ်တဲ့ အရာတွေ ဖြစ်တဲ့ မိဘ၊ ပတ်ဝန်းကျင်၊ အဖော်အပေါင်း စတာတွေနဲ့ ကင်းကွာလို့ မရနိုင်ပါဘူး။ ဒါကြောင့် လူတွေဟာ လူတွေနှင့် ဆက်ဆံသမှု ပြုရပါတယ်။ တခြား သတ္တဝါတွေနှင့်လည်း အမှီသဟဲပြုရပါတယ်။ အဓိကအားဖြင့်တော့ ပင်မလူတွေနဲ့ ဆက်ဆံကြရတာပါ။ ဒါကြောင့် အတွေးအခေါ်ပညာရှင် ပလေတိုက လူဆိုတာ ဆက်ဆံရေးသတ္တဝါလို့ ပြောကြားခဲ့တာ လက်ခံနိုင်စရာပါ။ ဒီလို ဆက်ဆံရတဲ့အခါ ကျနော်တို့ရဲ့ ကူးလူးဆက်သွယ်မှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပေးအယူတွေ ပြုကြရပါတယ်။ ဥပမာ ဝန်ဆောင်မှုပေးတယ် ဆိုတာ အကြမ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာကို အပေးအယူလုပ်ကြတာပါ။ ကျနော်တို့ လေယာဉ် စီးကြတဲ့အခါ လေယာဉ်ပေါ် တက်စဉ်ကတည်းက လေယာဉ်မယ်တွေက မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သတာဟာ စိတ်ပိုင်းဆိုင်ရာကို အပေးအယူလုပ်တာပါပဲ။ ရာထူး အနိမ့်အမြင့်၊ ဝင်ငွေ အနိမ့်အမြင့်၊ ပညာ အနိမ့်အမြင့် ဘယ်သူမဆို လေယာဉ်မယ်တွေရဲ့ တပြေးညီသော မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သက်မှုကို ခံယူကြရပါတယ်။ ကားလိုင်းတွေမှာ ဆိုရင်တော့ ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ ကားပေါ်မှာ ဒီလိုမျိုး နှုတ်ဆက်တာ ခံရပါတယ်။ ဟိုတယ်ကြီးတွေ၊ မိုတယ်ကြီးတွေ၊ ဘဏ်တွေမှာလည်း မင်္ဂလာပါဆိုတဲ့ နှုတ်ခွန်းဆက်သမှုကို ခံယူကြရပါတယ်။ ဒါပေမယ့်  ဒီနယ်ပယ်ကနေ တဖြည်းဖြည်း တခြား နေရာဌာနတွေ၊ တခြားလုပ်ငန်းဌာနတွေမှာတော့ ကျနော်တို့ဟာ မင်္ဂလာကို တပြေးညီ မခံစားကြရပါဘူး။ သီးသန့်ရရှိသူက ရရှိ၊ လူတယောက်လို ဆက်ဆံခြင်းမခံရတဲ့ နေရာတွေတောင် ရှိလာပါတော့တယ်။ နောက် နေရာဌာန တခုတည်းမှာကို ဖော်ရွေမှု ပြုခံရသူက ခံယူကြရသလို ရှိလေသည်ဟုတောင် မထင်ရတဲ့ အပြုအမူမျိုးကိုလည်း ကြုံကြရပါသေးတယ်။ ဒါတွေဟာ ဘက်လိုက်မှုတွေပါပဲ။ ဘက်လိုက်မှုတွေဟာလည်း ဗိုင်းရပ်စ်ပိုးတွေလိုပါပဲ။ နေရာတိုင်းလိုလိုမှာ ရှိနေတာပါ။ ဗိုင်းရပ်စ်ပိုးတွေကို မမြင်နိုင်လို့ မသိသာပေမယ့် ဘက်လိုက်မှုတွေကိုတော့ သိသာစွာ မြင်ကြရတဲ့အခါ စိတ်သောကတွေ ဖြစ်ကြရပါတယ်။ ဒါကြောင့်  အစိုးရ ဌာနဆိုင်ရာတွေ၊ တခြား ပြည်သူနှင့် ဆက်ဆံမှုပြုနေရတဲ့ နေရာတွေမှာ ဘက်လိုက်မှု ကင်းမဲ့ဇုန်တွေ ပေါ်လာစေချင်ပါတယ်။ ပညာရေးဌာနမှာ ကျူရှင်ပြတယ်ဆိုတဲ့ ကိစ္စနှင့် သတင်းတွေ ဖြစ်လာတာဟာ ကျနော့်အထင် ပညာသင်ပေးမှုဖြစ်တဲ့ ကျူရှင်ပေးရုံသက်သက်နှင့်တော့ သတင်းတွေ၊ တိုင်ကြားမှုတွေ မဖြစ်လာနိုင်ပါဘူး။ တချို့ ကျူရှင်ပေးနေတဲ့ ဆရာ၊ ဆရာတွေဟာ ကျူရှင်ကို ဈေးဆိုင်ဖွင့်သလို သဘောထားရာက စပါတယ်။ ဈေးဆိုင်ဖွင့်ရင် ကိုယ့်ဆီမှာ လာအားပေးတဲ့ ဖောက်သည်ကို ဦးစားပေးသလို ကိုယ့်အိမ်နီးချင်း ဖြစ်နေလျက် ကိုယ့်ဈေးဆိုင်ကို တခါတလေမှ အားမပေးရင် စိတ်မကောင်း ဖြစ်တတ်ကြတာ သဘာဝပါ။ ဒါဟာ စီးပွားရေးအသွင် ဖြစ်တာကြောင့် ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ခုလည်း ဒီလို စီးပွားရေးစိတ်ဓာတ်ကို ပညာသင်ကြားရေးမှာ ထားလိုက်တော့ မိမိအတန်းထဲက ကျောင်းသား ဖြစ်လျက်နှင့် ကျူရှင်မယူတဲ့ ကျောင်းသား(တနည်းအားဖြင့်) တခြား တဦးဆီမှာ သင်ယူတဲ့ ကျောင်းသားမျိုးတွေဆိုရင် ခွဲခြားဆက်ဆံတာတို့၊ ကိုယ့်ဆီမှာ ကျူရှင်သင်တဲ့သူတွေကို ကျောင်းကြီးမှာ ဘက်လိုက်မှု ပြုတာတို့ဟာ ဒီလို တဦးကို တဦး တိုင်တောဖို့ ဖြစ်လာကြပါတယ်။ ကျောင်းသားချင်း တူတာတောင် ဘက်လိုက် ဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာတို့ကြောင့် ငြိမ်းချမ်းတဲ့ ပညာရိပ်မြုံတွေဟာ ချို့တဲ့တဲ့ ကျောင်းသားတချို့အတွက် စိတ်ဒဏ်ရာတွေ၊ နာကြည်းမှုတွေ ရစရာ နေရာ ဖြစ်လာကြရပါ တယ်။ ဆရာ၊ ဆရာမတချို့ရဲ့ ဘက်လိုက်ဆက်ဆံမှုကြောင့် တဘဝလုံး စိတ်ဒဏ်ရာတွေ ရနေတဲ့ သူတွေထဲမှာ ကျနော်နှင့် ကျောင်းတက်ဖော် သူငယ်ချင်းတဦးလည်း ပါဝင်ပါတယ်။ ကျနော်က ပညာကို ပြည့်စုံစွာ သင်ခဲ့ရတဲ့သူထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့လိုတော့ မခံခဲ့ရတော့ သူ့လောက် နာကြည်းချက်တွေ မရှိလာခဲ့ပါဘူး။ သူဟာ လက်ရှိ ကျနော် ကျောင်းနေခဲ့တဲ့ မြို့မှာ နိုင်ငံရေး၊ လူမှုရေးတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ လူငယ်ခေါင်းဆောင်တဦးပါ။ နိုင်ငံရေးကိစ္စတခုကြောင့် နရိသိန်ကိုလည်း သူငယ်ချင်းတွေထဲမှာ ထူးထူးခြားခြား ရောက်ရှိခဲ့သူပါ။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တဲ့အတွက် သူ့မှာ နိုင်ငံတကာ အဆက်အသွယ်လည်း ကောင်းကောင်းရှိပါတယ်။ ဒီလို အနေအထားတွေကြောင့် ကျနော် သူနဲ့တွေ့တော့ စိတ်ကူးတခု ပြောပြဖူးပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ပညာသင်ကြားရာ ကျောင်းတော်ကြီးကိုလည်း အသိအမှတ်ပြုရာလည်းရောက် ဆရာ၊ ဆရာမတွေကိုလည်း ပီတိဖြစ်စရာဖြစ်အောင် တခြားသူတွေ ကျင်းပကြသလို ကျနော်တို့ သူငယ်ချင်းတွေအနေနှင့် အပေါင်းအဖော်တွေကို အသိပေးရင်း ဆရာကန်တော့ပွဲတခု ကျင်းပကြမယ်ဆိုတော့ သူက အားလုံးသော ဆရာ၊ ဆရာမတွေကိုတော့ မကန်တော့နိုင်ဘူးတဲ့။ သူ ပြောပုံက ထိခိုက်ခံစားနေတဲ့ လေသံပါပဲ။ ပိုက်ဆံပေးလို့ ကျူရှင်ယူမှ တပည့်လို့ သတ်မှတ်တဲ့သူကိုတော့ ဆရာအဖြစ် မကန်တော့နိုင်ဘူးတဲ့။ သူဟာ တကယ်တော့ ခေတ်ပညာတတ် တဦးပါ။ ဗုဒ္ဓဘာသာဝင်တဦးဖြစ်တဲ့အတွက် အနန္တောအနန္တ ငါးပါးကိုလည်း သိလောက်သူပါ။ ဒါပေမယ့် ဒီလို ကျောင်းနှင့်ဝေးကွာတဲ့ ဆယ်နှစ်ကျော် ကာလမှာတောင် ဒီအဖုအထစ်က ရှိနေဆဲဆိုတော့ သူ ခံစားခဲ့ရတာ မသေးငယ်လှပါဘူး။ သူ ပြောလိုတဲ့ ဆရာမတဦးကိုတော့ ကျနော် သိနေပါတယ်။ ကျနော်တို့ အတန်းပိုင်တော့ မဟုတ်ခဲ့ပါဘူး။ ကြားရသလောက်ကတော့ ကျောင်းခိုးဆင်းတဲ့သူတွေကို သူ့ကျူရှင်ကဆိုရင် ကျောင်းခေါ်ကြိမ် စာအုပ်ထဲမှာ အရောက်ပြထားတယ်လို့ ကျနော်တို့ ကျောင်းသားတွေ အချင်းချင်း ကြားသိခဲ့ရပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာမှာ ဒီလို ဖြစ်ရပ်မျိုးတွေ ဘယ်လောက်ထိ ရှိခဲ့ပါသလဲ။ နုငယ်တဲ့ နှလုံးသားများစွာကို မိမိတို့ရဲ့ ရလိုမှုကြောင့် ခွဲခြားဆက်ဆံမှု ပြုလုပ်လိုက်တာတွေဟာ သံသရာမှာ သော်လည်းကောင်း၊ ပစ္စုပ္ပန်မှာသော်လည်းကောင်း ဘယ်အထိ နစ်နာသွားမယ်ဆိုတာ တွေးတောတတ်ဖို့ လိုပါတယ်။ ဒဿနပညာရှင် ရူးဆိုးက လူလားမြောက်ချိန်ဖြစ်တဲ့ ၁၄ နှစ်ကနေ အသက် ၂၀ အရွယ်ထိဟာ ကြောင်းကျိုးဆင်ခြင်မှုနှင့် ချင့်ချိန်စဉ်းစားတတ်တဲ့သူတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုအရွယ်က ရရှိလာတဲ့ စိတ်ခံစားမှုတွေ၊ နာကြည်းမှုတွေဟာလည်း အကြောင်းတရား မည်မည်ရရ မရှိဘဲ မဖြစ်နိုင်ပါဘူး။ ပီတိကို စားပြီး အားရှိတဲ့ ဆရာကောင်း၊ ဆရာမွန်တွေကိုလည်း ကျနော်တို့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ပညာရေးရပ်ဝန်းမှာ ဘက်လိုက်မှု ကင်းမဲ့ဇုန်တွေ များများဖြစ်စေချင်ပါတယ်။ ဌာနဆိုင်ရာတွေမှာတော့ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှု၊ အပေါ်ဖား အောက်ဖိတွေဟာ မြန်မာနိုင်ငံသားတွေအဖို့ မမြင်ချင်အဆုံးပါပဲ။ တချို့တွေဟာ ပြည်သူကို မတူသလို မတန်သလို ဆက်ဆံပါတယ်။ တကယ်တမ်း သူတို့ လုပ်ကိုင်နေရတာက ပြည်သူအလုပ်၊ ပြည်သူရှိလို့ ဒီလိုဌာနတွေ ရှိနေတာ၊ ဒီလိုဌာန နောက်တခုမှာ မိမိရဲ့ မိသားစုဝင်တဦးက မိမိဆက်ဆံလိုက်တဲ့လူလို ဆက်ဆံခံရရင် ဘယ်လိုရှိလေမလဲလို့ တွေးလိုက်မိရင်ကို ကိုယ်ချင်းစာတတ်လာမှာပါ။ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်နှင့်နှိုင်းပြီး စာနာတာကို ခေါ်တာဖြစ်တဲ့အတွက် ဒီလိုမျိုး တွေးလိုက်ရင် ခွဲခြားဆက်ဆံတာတို့၊ ဘက်လိုက်မှု ပြုတာတို့ကို လျော့သွားဖွယ်ရှိပါတယ်။ တချို့သော ဝန်ထမ်းတွေဟာ အထက်လူကြီးတွေ လာရင် ပျာပျာသလဲ ကြိုဆိုလိုက်၊ ရုံးကို ကိစ္စကြီးငယ်နှင့် လာတဲ့သူတွေကိုတော့ လေးစားသမှုမပြုဘဲ ခွဲခြားဆက်ဆံလိုက်နှင့် ပြည်သူတွေကြောင့် ရလာတဲ့ အလုပ်နှင့် ပြည်သူတွေကို မတူမတန် ဆက်ဆံတတ်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်က  စစ်တွေမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တခုကို ရောက်သွားပါတယ်။ မကြာ မကြာလည်း ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်ရစရာတခုကိုတော့ မှတ်မိနေဆဲပါပဲ။ အဝင်အထွက်မှာ ဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးတဦးကို ထားပါတယ်။ သူ့ရဲ့ တာဝန်က ဘဏ်ကို ဝင်လာတဲ့သူကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်၊ ဘဏ်က ပြန်ထွက်တဲ့သူကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက် လုပ်နေတဲ့သူပါ။ ကျနော် ဘဏ်ထဲကို ရောက်တော့ နယ်က အဘွားကြီးတဦးဟာ ဘဏ်ကို ဝင်ပါတယ်။ ဝန်ဆောင်မှုပြုရတဲ့ အမျိုးသမီးက  မင်္ဂလာမလုပ်ပါဘူး။ အဘွားကြီးက နာရီဝက်လောက်အကြာမှာ ပြန်ထွက်သွားပါတယ်။ သူက မသိသလိုလိုပါပဲ။ အဘွားကြီးရဲ့ ပုံပန်းသဏ္ဌာန်ကလည်း နယ်ကလာတဲ့ တောသူတောင်သား ပုံစံပါ။ မင်္ဂလာပါလုပ်တဲ့ မချောက သူ ဝန်ဆောင်မှုပေးရတဲ့သူကို ဒါကိုကြည့်ပြီး ဆုံးဖြတ်လိုက်ပုံပါ။ ခပ်နွမ်းနွမ်း၊ ခပ်စုတ်စုတ်ဆိုရင် မင်္ဂလာနှင့် မထိုက်တန်သလိုမျိုးပေါ့။ အင်္ကျီကို အစာကျွေးတဲ့ မဟတ္တမဂန္ဓီတို့ခေတ်လည်း မဟုတ်တော့ပါဘူး။ နည်းပညာကို ရောင်းစားနေတဲ့ခေတ်၊ ဝန်ဆောင်မှုကို ရောင်းစားနေတဲ့ ခေတ်မှာ အဝတ်အစားကို ကြည့်ပြီး လူသားတန်ဖိုးကို အကဲဖြတ်တာ၊ ရုပ်ရည်ကိုကြည့်ပြီး လူသားစံနှုန်းကို တိုင်းတာတာဟာ အသိဉာဏ်ကို ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းမှာ မရှိသင့်တော့ပါဘူး။ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့သူတွေ၊ တချို့ အရာရှိကြီးတွေကိုတော့ သူသ သတိမလစ်တမ်း မင်္ဂလာပါ လုပ်နေတာကို မြင်နေခဲ့ရပါတယ်။ ဒီလို ဘက်လိုက်မှုတွေ ကျနော်တို့ ပြည်သူတွေ ဘယ်အချိန်ထိ ခံနေရဦးမလဲလို့ စဉ်းစားမိရင်း ဘက်လိုက်မှု ကင်းမဲ့တဲ့ဇုန်တွေကို ဖြစ်စေချင်တာပါ။ အချုပ်အားဖြင့်ဆိုရရင် ဗုဒ္ဓတရားတော်ထဲမှာ သွေးနှင့်မျက်ရည်တို့ဟာ လူတိုင်းနှင့် သက်ဆိုင်တဲ့အရာတွေ ဖြစ်လို့ လူလူချင်း ခွဲခြားဆက်ဆံမှုကို တားမြစ်တော်မူခဲ့ပြီး သူကိုယ်တိုင် ဇာတ်နိမ့်၊ ဇာတ်မြင့် ကိစ္စတွေကို ရှုတ်ချခဲ့ပါတယ်။ အတန်းအစားမခွဲဘဲ ဆက်ဆံခဲ့ပါတယ်။ ခုက မွန်မြတ်လှတဲ့ ဗုဒ္ဓဘာသာ လောင်းရိပ်အောက်မှာပဲ ကျနော်တို့ဟာ ဝါဒမတူသူကို ရန်သူလို ဆက်ဆံ၊ အကျိုးစီးပွား မဆက်စပ်တဲ့သူတွေကို မတူမတန်လို သဘောထားပြီး လူသားအချင်းချင်း ထားရမည့် အခြေခံစိတ်ဓာတ်တွေ ပျောက်ဆုံးနေတတ်ကြပါတယ်။ နိုင်ငံရေးဘက်လိုက်မှု၊ ဘာသာရေး ဘက်လိုက်မှု၊ ပညာရေး ဘက်လိုက်မှုတွေဟာ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ ကာလမှာ မရှိသင့်တော့ပါဘူး။ ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဖိုရမ်တခုကို ကျင်းပခဲ့တယ်လို့  7 Day Daily သတင်းစာမှာ ပါလာတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရပါသေးတယ်။ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတဦး ဖြစ်တဲ့ ဦးထူးကျော်က လူနည်းစုဘာသာဝင်များရဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့် ရရှိစေဖို့ မြှင့်တင်ဆောင်ရွက်ဖို့၊ နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိစေရန် ဆောင်ရွက်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ အစိုးရအဖွဲ့ကပါ ပူးပေါင်းဆောင်ရွက်မှ ထိရောက်နိုင်မည်လို့ ပြောထားပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်တဲ့ ရွှေဝါရောင်ဆရာတော် အရှင်ဘြာသကလည်း ခုလို မိန့်ကြားထားပါတယ်။ “မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ညီညီညွှတ်ညွှတ်နဲ့ ဖြစ်လာမယ့် ပြသနာတခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ဘာသာရေး ပဋိပက္ခတွေ မဖြစ်မှာ” ဆိုပြီး မိန့်ကြားထားပါတယ်။ ငါနှင့်မတူ ငါ့ရန်သူ၊ ငါ့ကိုထောက်ခံမှ လူတော်လူကောင်း၊ ငါ့ကို အားပေးမှ အသိဉာဏ်ရှိသူလို့ မတူကွဲပြားမှုတွေကို လက်မခံတဲ့ ယဉ်ကျေးမှုဟာ ဒီမိုကရေစီ အနှစ်သာရနှင့် အလှမ်းဝေးတဲ့ကိစ္စပါ။ ဒါကြောင့် ယခုလို ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ ကာလမှာ ကျောက်ဖြူစက်မှုဇုန်တွေ တည်ဆောက်သလို၊ ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ဖို့ ကြိုးပမ်းသလို၊ ဘက်လိုက်မှု ကင်းမဲ့ဇုန်တွေကို အစိုးရရဲ့ စီမံကိန်းတရပ်အနေနှင့် တည်ဆောက်ပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ကျော်လင်း(ရောင်စုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024