ဆေးရုံတွင် ကလေးငယ်များ သေဆုံးမှု အရေးယူမည်ဟု အိန္ဒိယ ပြည်နယ်ဝန်ကြီးချုပ် ကတိပြု

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဆေးရုံမှာ ကလေးတွေ သေဆုံးမှုကို အရေးယူမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။ လတ်တလော ရက်တွေအတွင်း ကလေး အနည်းဆုံး အယောက် ၆၀ လောက် သေဆုံးခဲ့တဲ့ဆေးရုံမှာ တာဝန်ပျက်ကွက်မှုနဲ့ အပြစ်ရှိသူတွေကို တင်းတင်းကျပ်ကျပ် အရေးယူမယ်လို့  ဥတာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် ယိုဂီ အဒစ်ယာနာ့သ်က ပြောလိုက်ပါတယ်။ နယူးဒေလီမြို့တော်ကနေ မိုင် ၅၀၀ လောက်ဝေးတဲ့ ဂိုရတ်ပူမြို့က ဘာဘာ ရာဂဘတ် ဆေးကောလိပ် ဆေးရုံမှာ ကလေးတွေ ဆက်တိုက်သေဆုံးမှု ဖြစ်ခဲ့တာပါ။ ဒေသခံ သတင်းရင်းမြစ်တချို့ကတော့ ကလေး ၇၂ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီဆေးရုံကို ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဂျေပီ နဒ်ဒါလည်း သြဂုတ် ၁၃ ရက်နေ့က လာရောက် လည်ပတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာပါ။ “ဂိုရတ်ပူမှာသာမကဘဲ ပြည်နယ်ထဲ ဘယ်နေရာမှာမဆို တာဝန်ပျက်ကွက်မှုကြောင့် အသက်သေဆုံးတာ ရှိခဲ့ရင် သူတို့ကို အစိုးရက အလွတ်ပေးမှာ မဟုတ်ဘူး။ တင်းတင်းကျပ်ကျပ် အရေးယူမယ်။ ကော်မတီသစ် ဖွဲ့စည်းပြီးပြီ၊ ကော်မတီရဲ့ အစီရင်ခံစာကို စောင့်ရမယ်။ အပြစ်ကို ဘယ်အခြေအနေ အောက်မှာမှ ခွင့်မလွှတ်ဘူး။" ဆေးရုံက ငွေမချေနိုင်လို့ ပုဂ္ဂလိက ဖြန့်ဖြူးသူက ဆေးဘက်ပစ္စည်း ကိရိယာတွေကို ဖြတ်တောက်လိုက်တဲ့အတွက် ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကလေးတွေ အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးရတာလို့ အိန္ဒိယ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဆေးရုံအရာရှိတွေကတော့ ငြင်းဆိုခဲ့ပြီး ကလေးတွေ သေဆုံးမှုဟာ ဦးနှောက်ရောင်ရမ်းတဲ့ ဝေဒနာနဲ့ မွေးကင်းစ ကလေးငယ်တွေ မွေးဖွားချိန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကြောင့် သေဆုံးတာသာ ဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up