ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မန်တုံမြို့ခံ ၆ ဦးကို မန်တုံအခြေစိုက် စစ်တပ်က မသင်္ကာမှုနဲ့ ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရပြီး လားရှိုးဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံ ယူနေရပါတယ်။
သြဂုတ် ၉ ရက်က မန်တုံမြို့ပြင်က လက်ဖက်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ဇော်ဆိုင်းအောင်၊ ရွှေဆီး၊ ဝမ်ဘဲ၊ အောင်စိုး၊ ရိန်ဂွမ်းနဲ့ ဦးဂွန်တုံဂမ်တို့ကို တပ်မတော်က စက်ရုံတွင်း ဝင်ရောက်စစ်ဆေးစဉ် ပျက်နေတဲ့ စကားပြောစက်တလုံးကို တွေ့လို့ သူတို့ကို ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရတဲ့ ဦးဂွန်တုံဂမ်ရဲ့ ချွေးမ ခေါန်ဆန့်က ပြောပါတယ်။
“အဲဒါက ၉ ရက်နေ့မှာ ဖြစ်တာလေ။ ဦးဂွန်တုံဂမ်က တရုတ်ရဲ့ စက်ရုံမှာ သွားနေတာလေ။ စစ်ကြောင်းတွေက အဲမှာ လာမွှေတယ်တဲ့။ လာမွှေတော့ သုံးလို့မရတော့တဲ့ စကားပြောစက် တွေ့တယ်တဲ့။ အဲဒီစက်က အပေါ်မှာ ထားထားတာ သုံးလို့တောင် မရတော့ဘူး။ ပျက်နေတာတဲ့။ ဒါ ဘယ်သူသုံးတာလဲဆိုတော့ ဦးဂွန်တုံဂမ်က သွားနေတာလည်း တပတ်ကျော်ကျော်ပဲ ရှိသေးတာကိုး။ အဲဒါ သူက မသိဘူး။ အဲဒါနဲ့ သူ့ကို ရိုက်နှက်နှိပ်စက်တာပေါ့။ အဲဒါနဲ့ သူ လက်ကျိုးသွားတာ”
အဲဒီစက်ရုံမှာလုပ်တဲ့ ၆ ဦးကို စစ်တပ်က ဖမ်းဆီးပြီး တပ်တွင်းခေါ်ဆောင်နှိပ်စက်ခဲ့လို့ ဇော်ဆိုင်းအောင်နဲ့ ဦးဂွန်တုံဂမ်တို့မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် လာရှိုးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆေးရုံလိုက်ပါပို့ဆောင်ပေးတဲ့ ဆရာဦးယောဟန်က ပြောပါတယ်။
လာရှိုးဆေးရုံရောက်တော့ ဇော်ဆိုင်းအောင်မှာ နှိပ်စက်မှုဒဏ်ကြောင့် ဘေလုံးကွဲပြီး ကွဲစိတ်ကုသမှု ခံယူရသလို ဦးဂွန်တုံမှာ တံတောင်ဆစ်ကျိုးတဲ့အတွက် ကျောက်ပတ်တီးစီးကုသမှု ခံယူခဲ့ရတယ်လို့ သူတို့ကို ပြောပါတယ်။
“အဲဒီလက်ဖက်စက်ရုံမှာကျတော့ စစ်သားတွေသုံးတဲ့ စကားပြောစက်အဟောင်းတွေ့လို့ ဆိုပြီး အဲဒါကို မသင်္ကာလို့ ခေါ်သွားတာလို့ ပြောတယ်။ ခေါ်ပြီး အဲဒီညမှာ သူတို့မေးမြန်းပြီးမှ သူတို့ မေးတာကို ပြည်သူဆိုတော့ ဘာမှမသိဘူးဆိုတော့ နောက်ပြီး သူတို့က လက်ဖက်စက်ရုံပိုင်ရှင်လည်း မဟုတ်ဘူး။ အဲဒီက အလုပ်သမားဆိုတော့ မသိဘူးလို့ပဲ ဖြေတဲ့အခါကျတော့ ရိုက်ပြီးမှ မေးတာပေါ့။ ရိုက်တဲ့အခါကျတော့ ဦးဂွန်တုံဂမ်ကတော့ ဘယ်ဘက်လက်ကျိုးသွားတယ်။ ဦးဇော်ဆိုင်းကျတော့ ဘေလုံးကွဲသွားတာ။ ဘေလုံးကွဲသွားတော့ တမြန်နေ့က လားရှိုးဆေးရုံမှာပဲ ခွဲပြီးမှ အခု ခွဲစိတ်ပြီးပြီ။ အခုထိ သူက သတိရလိုက် မရလိုက်နဲ့။”
ဆေးရုံမသွားတဲ့သူတွေလည်း နာကျင်ကိုက်ခဲပြီး စားမဝင် ဖြစ်နေတယ်လို့လည်း ဆရာ ဦးယောဟန်က ပြောပါတယ်။
လက်ကျိုးသွားတဲ့ ဦးဂွန်တုံဂမ်တော့ မနေ့က ကျောက်ပတ်တီးစီးပြီး ဆေးရုံကနေ ဆင်းလို့ရပေမယ့် လာရှိုးမြို့မှာပဲ ဆက်လက်ခိုလှုံနေရတယ်လို့ သူ့ရဲ့ ချွေးမ ခေါန်ဆန့်က ပြောပါတယ်။
“သူက အခု လက်ကျိုးနေတယ်ဆိုတော့ ဆေးရုံက ကျောက်ပတ်တီးပဲ စီးပေးတယ်။ မနေ့က ဆေးရုံကနေ ဆင်းတယ်။”
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ သြဂုတ် ၄ ရက်နေ့က မြန်မာ့ တပ်မတော်စစ်ကြောင်းနဲ့ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၇ ရက်နေ့ကစပြီး မန်တုံနဲ့ နမ္မတူကြား လမ်းတွေကို စစ်တပ်က ပိတ်ပြီး မန်တုံမြို့ပေါ်မှာ တအိမ်တက်ဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက် မြို့ပြင်က လက်ဖက်စက်ရုံကို သွားရောက်စစ်ဆေးရာ ပျက်နေတဲ့ စကားပြောစက်ကို တွေ့ပြီး အဲဒီက အလုပ်သမားတွေကို ဖမ်းဆီးနှိပ်စက်မှု ဖြစ်ပွားခဲ့တာလို့ ဆရာဦးယောဟန်က ပြောပါတယ်။
လတ်တလောမှာတော့ လမ်းတွေ ပြန်လည်ပွင့်လင်းပြီဖြစ်ပေမယ့် ညဘက်ကို မသွားလာဖို့ ပိတ်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။