Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့အခမ်းအနား စစ်ရေးပြပွဲ တားမြစ်ခံခဲ့ရ
နော်နိုရင်း
·
August 14, 2017
  ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ကျင်းပတဲ့ ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားမှာ စစ်ရေးမပြဖို့ တပ်မတော်က တားမြစ်မှုတွေရှိခဲ့သလို လက်နက်အပြည့်အစုံနဲ့ အခမ်းအနား အတွင်း လာရောက်တားဆီးပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွေကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာနဲ့ ခရိုင်တွေမှာ အသီးသီး ကျင်းပခဲ့ကြတာပါ။ ဒီလိုကျင်းပရာမှာ မြ၀တီမြို့ တောင်ဖက် ၁၀ လောက်လောက်အကွာမှာ ရှိတဲ့ ကေအန်ယူ ထိန်းချုပ်ရာ နိုဖိုးရွာ (ခေါ်) အတွင်းကွင်းကလေးကျေးရွာမှာ ကျင်းပတဲ့ အခမ်းအနားမှာ စစ်ရေးပြတာမလုပ်ဖို့ မြန်မာ့တပ်မတော် စကခ (၈)မှူး ဗိုလ်မှူးသန်းထိုက်က တားမြစ်ခဲ့ပါတယ်။ ဒီလိုတားမြစ်မှုတွေရှိပေမယ့် ကရင့်အာဇာနည်နေ့အခမ်းအနားကို ပုံမှန်ကျင်းပနေကျ အတိုင်း ဆက်လက်ကျင်းပခဲ့ရာမှာ ခမရ ၄၀၇ တပ်က တပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် ၂၉ ဦးက လက်နက်အပြည့်အစုံနဲ့ အခန်းအနားအတွင်း လာရောက်ခဲ့တယ်လို့ အဲဒီအခမ်းအနားကို ဦးဆောင် ကျင်းပတဲ့ ကေအန်ယူတပ်မဟာ ၆ စစ်ကြောင်းမှူး ဗိုလ်မှူးလမင်းက ပြောပါတယ်။ “ကျနော်တို့က အခမ်းအနားကို ပွင့်ပွင်းလင်းလင်းပဲလုပ်တယ်။ ကျနော်တို့ လုပ်နေကြနေရာ မှာပဲ လုပ်တယ်။ ဒါပေမယ့် သူတို့က စစ်ရေးပြအခမ်းအနားနဲ့ မလုပ်ဘဲ ရိုးရိုး အစီအစဉ်ပဲ လုပ်စေချင်တာ။ ကျနော်တို့ကတော့ ပုံမှန်ကျင်းပတဲ့အတိုင်းပဲ လုပ်တယ်။ သူတို့ကတော့ လာမယ်ဆိုတဲ့အကြောင်း ကျနော့်ကိုဆက်သွယ်အကြောင်း ကြားတယ်။ လာတော့ စစ်လက်နက် အပြည့်အစုံနဲ့လာတယ်။ တခုကောင်းသွားတာက ကျနော်တို့ကျင်းပတဲ့ အခမ်းအနားမှာ ကေအန်ယူ ဥက္ကဋ္ဌကိုယ်တိုင်လာတက်တယ်။ မရှိခဲ့ရင်တော့ ကျနော်တို့ ပြသနာတက်နိုင်တယ်။ ဥက္ကဋ္ဌရှိတော့ ဥက္ကဋ္ဌနဲ့ပဲ စကားပြောတယ်။ သူတို့ကတော့ တိုင်းမှူးရဲ့ အမိန့်အရလာတယ်ပေါ့။ ကျနော်တို့ ရဲ့အခမ်းအနားမှာ စစ်ရေးပြမလုပ်ဖို့ပေါ့။” ဒီလိုတားမြစ်ခံရတာဟာ အစိုးရနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး ပထမဆုံး တားမြစ်ခံရတာဖြစ်ပါတယ်။ ကရင့်အာဇာနည်နေ့အခမ်းအနားကိုခုလို လာရောက် တားမြစ်ပိတ်ပင်တာဟာ မသင့်တော်ဘူးလို့လည်း ကေအန်ယူတပ်မဟာ ၆ စစ်ကြောင်းမှူး ဗိုလ်မှူးလမင်းက ပြောပါတယ်။ “ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ တပ်သားတွေ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်သွေး ပေးဆပ်ခဲ့ကြတဲ့အတွက် သူတို့ကို ဂုဏ်ပြုတဲ့အခမ်းအနားမျိုးကို စစ်တပ်အနေနဲ့ လက်နက် အပြည့်အစုံနဲ့ မလာသင့်ဘူး။ အရပ်သား အနေနဲ့လာချင်လည်း လာလို့ရတယ်။ စစ်လက်နက် အပြည့်အစုံနဲ့ စစ်လာတိုက်မယ့်ပုံစံလာတဲ့ အခါကျတော့ ကျနော်တို့ လူထုတွေ အမြင်မရှင်းသလို ကျနော်တို့လည်း အမြင်မရှင်းဘူး။ ပြဿနာ လာရှာတဲ့ ပုံစံဖြစ်နေတယ်။” နိုဖိုးရွာမှာကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားမှာ ဒေသခံ လူထု ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှာ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အဖွဲ့ဟာ တော်လှန်ရေးတာဝန်ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲ တခုမှာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။ အဲ့ဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ကရင်လူမျိုး အများစုနေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစားမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024