မြန်မာယူ ၁၈ နှင့် အင်တာမီလန် ၂ ဂိုးစီ သရေကျ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာယူ ၁၈ နဲ့ အင်တာမီလန်ယူ ၁၈ တို့ရဲ့ ဒုတိယမြောက် ခြေစမ်းပွဲကို သြဂုတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ မြန်မာယူ ၁၈ အသင်းဟာ ပထမခြေစမ်းပွဲက ပွဲထွက်လူစာရင်းကို ၆ ဦး အပြောင်းအလဲပြုလုပ်ပြီး ပွဲထွက်ခဲ့တာပါ။ ပွဲချိန် ၁၇ မိနစ်မှာ မြန်မာယူ ၁၈ အသင်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းက ဂိုးသမားနဲ့ တဦးချင်းအတွေ့မှာ ကန်သွင်းယူခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၄၁ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ အင်တာမီလန်ယူ၁၈ က ၂ ဂိုးဆက်သွင်းပြီး ပြန်လည်ဦးဆောင်ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး တိုက်စစ်ဦးစားပေးကစားခဲ့ကြပြီး ဂိုးရမယ့်အခွင့်အရေးတွေလည်း ကိုယ်စီရခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ မြန်မာယူ ၁၈ အသင်း ပင်နယ်တီရခဲ့ပြီး ပြည့်စုံနိုင်က သွင်းယူခဲ့လို့ မြန်မာအသင်းချေပဂိုးရခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ အင်တာမီလန်အသင်းက အနိုင်ရဖို့ ပိုမိုဖိအားပေး တိုက်စစ်ဆင်ခဲ့ပေမယ့် မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ၂ ဂိုးစီ သရေရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာပါ။ မြန်မာယူ ၁၈ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီးလည်း အင်တာမီလန်ယူ ၁၈ နည်းပြ ကော်တီက ချီးကျူးခဲ့ပါတယ်။ မြန်မာယူ ၁၈ အသင်းဟာ ပထမခြေစမ်းပွဲတုန်းက အင်တာမီလန်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ထားတာပါ။ ဒီခြေစမ်းပွဲ ၂ ပွဲဟာ လာမယ့်စက်တင်ဘာလအတွင်း ကျင်းပမယ့် အာဆီယံယူ ၁၈ ပြိုင်ပွဲနဲ့ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ့် အာရှယူ ၁၉ ခြေစစ်ပွဲတွေအတွက် အကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ကစားတာ ဖြစ်ပါတယ်။

More News
Up