အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ရှားလက်စ်ဗေလ်မြို့မှာ သြဂုတ် ၁၂ ရက်နေ့က ဆန္ဒပြ လူဖြူလူမျိုးရေးခွဲခြားသူတွေကို ကားတစီးက မောင်းဝင်တိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးကာ လူ ၁၉ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
အစောပိုင်းတုန်းက လမ်းပေါ်မှာ လူဖြူအမျိုးသားရေးသမားတွေနဲ့ သူတို့ကို တန်ပြန်ဆန္ဒပြသူတွေကြား တိုက်ခိုက်ရိုက်နှက်မှုတွေလည်း ဖြစ်ခဲ့ပြီး ရှားလက်စ်ဗေလ်မြို့တော်ဝန်က အခု သေဆုံးဒဏ်ရာရမှုတွေအတွက် “နှလုံးကြေကွဲရကြောင်း” ပြောလိုက်ပါတယ်။
ဝင်တိုက်တဲ့ကားရဲ့ မောင်းသူ အိုဟိုင်းရိုးပြည်နယ်က အသက် ၂၀ အရွယ် ဂျိမ်းစ်ဖီးလ်ဒ်ကို ကြိုတင်ကြံစည်မှု မရှိတဲ့ လူသတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
ကားဝင်တိုက်မှုကြောင့် လူ ၁၉ ဦး ထိခိုက်ဒဏ်ရာရတာအပြင် လက်ယာအစွန်းရောက် ဆန္ဒပြပွဲနဲ့ဆက်စပ်ပြီး အခြားအကြမ်းဖက်မှုတွေကြောင့်လည်း လူ ၁၅ ဦး ဒဏ်ရာရသေးတယ်လို့ ရှားလက်စ်ဗေလ်ရဲဌာနက ပြောလိုက်ပါတယ်။
ဆန္ဒပြချီတက်သူတွေက အမေရိကန် ပြည်တွင်းစစ်အတွင်းက နာမည်ကြီး စစ်ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီရဲ့ ရုပ်တုကို ဖယ်ရှားဖို့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
ဗာဂျီးနီးယားပြည်နယ် မြို့တော်ဝန် တယ်ရီမက်အော်လိုက်ဖ်က ရှားလက်စ်ဗေလ်မြို့ကို ဝရုန်းသုန်းကားဖြစ်သွားစေတဲ့ လူဖြူ လူမျိုးရေးခွဲခြား ဆန္ဒပြသူတွေကို “အိမ်ပြန်ကြဖို့” သတင်းစာရှင်းလင်းပွဲက တဆင့် ပြောလိုက်ပါတယ်။
“ခင်ဗျားတို့ကို ဒီတိုင်းပြည်မှာ အလိုမရှိဘူး၊ ခင်ဗျားတို့က ရှက်စရာပဲ၊ ခင်ဗျားတို့က မျိုးချစ်တွေလိုမျိုး ဟန်ဆောင်နေကြတယ်၊ ဒါပေမယ့် ခင်ဗျားတို့က ဘာမှမဟုတ်ဘူး၊ ခင်ဗျားတို့က မျိုးချစ်တာပဲ|လို့ မစ္စတာအော်လိုက်ဖ်က ပြောပါတယ်။
“လူတွေကို ထိခိုက်နာကျင်စေဖို့ ဒီကနေ့ ခင်ဗျားတို့ ဒီမြို့ကို လာခဲ့ကြတယ်။ ပြီးတော့ လူတွေကို ထိခိုက်ဒဏ်ရာ ရစေခဲ့တယ်။ ဒါပေမယ့် ကျနော့်ရဲ့စကားက ရှင်းပါတယ်။ ကျနော်တို့က ခင်ဗျားတို့ထက် ပိုခိုင်မာတယ်” လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။
မြို့တော်ဝန်က “ပိုမိုဆိုးရွားတဲ့နေ့” အဖြစ်ကနေ အကာအကွယ်ပေးခဲ့တဲ့ ရဲတွေနဲ့ ဥပဒေဘက်တော်သား အာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ထိခိုက်ဒဏ်ရာ ရသူတွေကို ကူညီပေးခဲ့တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေကိုလည်း ချီးကျူးလိုက်ကြောင်း ဘီဘီစီရဲ့ သြဂုတ်လ ၁၃ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
မြို့ရဲ့အနောက်တောင်ဘက် သစ်တောထဲမှာလည်း ဗားဂျီးနီးယားပြည်နယ် ရဲဟယ်လီကော်ပတာ ပျက်ကြပြီး လူ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီသေဆုံးမှုက ဆန္ဒပြပွဲ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။