Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့် ချထားဟုဆို
DVB
·
August 12, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့တွေ အပါအ၀င် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးက မြို့တွေမှာ အစိုးရတပ်ဖွဲ့ အင်အား ၅၀၀ လောက် တပ်ချထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောကြားကြောင်း သြဂုတ် ၁၁ ရက်နေ့က ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မောင်တောမြို့အနီးက တောင်တန်းတွေမှာ ရွာသား ၇ ယောက် အသတ်ခံရပြီးနောက်ပိုင်း လုံခြုံရေးတိုးမြှင့်ပေးဖို့ တပ်ဖွဲ့တွေကို စေလွှတ်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ လုံခြုံရေးအခြေအနေ ပိုဆိုးလာလို့ လုံခြုံရေးပိုင်းဆိုင်ရာကို တိုးမြှင့်လုပ်ဆောင်ထားရတာဖြစ်ပြီး၊ တချို့ မွတ်စလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အကြမ်းဖက်လက်နက်ကိုင်တွေ သတ်တာ ခံနေရတယ်လို့ ရခိုင်ပြည်နယ် ရဲချုပ် ဗိုလ်မှူးကြီးစိန်လွင်က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။ တပ်မတော် ပြောရေးဆိုခွင့်ရှိသူနဲ့ သမ္မတရုံး ပြောခွင့်ရသူတို့ကတော့ ဒီအရေးကို လတ်တလော မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်ဖို့ ဒေသအာဏာပိုင်တွေကို အကူအညီပေးမယ့် အစိုးရတပ်ဖွဲ့တွေကို စေလွှတ်တပ်ချထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက အဓိက စိုးရိမ်စရာ အကြောင်းတခုဖြစ်တယ်လို့ ဂျီနီဗာကနေ ထုတ်ပြန်တဲ့ ကုလလူ့အခွင့်အရေးကောင်စီ သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ အထူးကိုယ်စားလှယ်က ပြည်သူလူထုကို လုံခြုံရေး စီစဉ်ပေးဖို့နဲ့ အစွန်းရောက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ နိုင်ငံတော်အစိုးရရဲ့ တာဝန်နဲ့ဝတ်တရားကိုလည်း အသိအမှတ်ပြု လေးစားပါကြောင်းနဲ့ ဒီလို တာဝန်ခံ ဆောင်ရွက်မှုဟာ ဒေသခံအားလုံးအပေါ် ဖြန့်ကြက်လွှမ်းခြုံရမှာဖြစ်ပြီး တချို့တွေကို တခြားသူတွေထက် လုံခြုံရေး ပိုမပေးသင့်ဘူးလို့လည်း ဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးကတော့ မောင်တောဒေသမှာ အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ပျောက်ဆုံးသူ ၃၃ ယောက် ရှိပြီဖြစ်တာကြောင့် တပ်မတော်နဲ့အတူ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသလို ပြည်တွင်းနဲ့ နိုင်ငံတာက အသိုင်းဝိုင်းက အကြမ်းဖက်မှုကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024