Live
Home
မြန်မာသတင်း
ရန်ကုန်နှင့် ဘားအံတွင်​ ​ကရင်​အမျိုးသားအာဇာနည်​​နေ့ အခမ်းအနား ကျင်းပ
DVB
·
August 12, 2017
၆၇ ကြိမ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့၊ သုမေဓာရာမကြားတောရကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကရင်အမျိုးသားခေါင်ဆောင်ကြီး စောဘဦးကြီးနဲ့တကွ ခေါင်းဆောင်ကြီးတွေဟာ ကရင်အမျိုးသားတရပ်လုံးအတွက် အသက်ပေးလှူခဲ့တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုအဖြစ် အမြဲတမ်း သတိရ ဂုဏ်ပြုတဲ့အနေနဲ့ ကရင့်အာဇာနည်နေ့ကို ရည်ရွယ်ကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ကရင်အလံတော်ကို အလေးပြုတာ၊ ကရင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုကြပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပေးပို့တဲ့ သဝဏ်လွှာ၊ ကရင်လူငယ်အစည်းအရုံးက ပေးပို့တဲ့ သဝဏ်လွှာတွေကို တာဝန်ရှိသူတွေက ဖတ်ကြားခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ကရင်ဘာသာရေးခေါင်ဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မျိုးချစ်လူငယ်တွေ၊ ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ တိုင်းရင်းသားများ စုစုပေါင်း ၄၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ အလားတူ ၆၇ ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ ကြို့ကုန်းမှာရှိတဲ့ စိန့်ပီတာဘုရားရှိခိုးကျောင်းမှာလည်း ကျင်းပခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်နေ့မှာ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့အဖွဲ့ဟာ တော်လှန်ရေးတာဝန်ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲတခုမှာ ပစ်ခတ်မူကြောင့် ကျဆုံးခဲ့ရပါတယ်။ အဲ့ဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာပါ။ ကရင်လူမျိုးအများစုနေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစားမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။ သတင်းနှင့်ဓာတ်ပုံ ရဲမင်းခေါင် (ဘားအံမြို့အခမ်းအနား) ထွန်းထွန်းသိန်း ( ရန်ကုန်မြို့အနားအနား)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024