Home
မြန်မာသတင်း
ကမ္ဘာ့ဆင်များနေ့အခမ်းအနား ဆင်ဘူဖေးနှင့် ဆင်အလှပြပွဲပြုလုပ်
DVB
·
August 12, 2017
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားတွေကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ ဧရာဝတီတိုင်း ငွေဆောင်ဆင်စခန်းတို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ပုသိမ်လမ်းပေါ်မှာရှိတဲ့ ငွေဆောင်ဆင်စခန်းမှာ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားမှာ ဆင်ဘူဖေးကျွေးပွဲနဲ့ ဆင်အလှပြပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းအပါအဝင် မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေတက်ရောက်ပြီး မြန်မာ့ဆင်တွေရဲ့ လက်ရှိအခြေနေနဲ့ သိကောင်းစရာ အချက်တွေကို ဟောပြောခဲ့ကြပါတယ်။ ကမ္ဘာမှာ အာရှဆင်နဲ့ အာဖရိကဆင်ဆိုပြီး ၂ မျိုးရှိတဲ့အထဲက အာဖရိကဆင် အရေအတွက် ၁၀၀ နည်းပါးဟာ နေ့စဉ်သတ်ဖြတ်ခံနေကြရပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အာရှဆင်သေးဆုံးနေရတဲ့ အကောင်အရေအတွက်ကို မသိရသေးပေမယ့် ၂၀၁၇ ခုနစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး တခုတည်းမှာတင် ဆင်သတ်ဖြတ်တဲ့အမှုပေါင်း ၁၂ မှုအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဆင်လိုက်တဲ့ မုတ်ဆိုးတွေ အနေနဲ့လည်း အရင်က အဆွယ်အတွက်သာ သတ်ဖြတ်ကြတာဖြစ်ပြီး ဆင်ထီးတွေသာ အများဆုံး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ ဆင်စွယ်တခုတည်းအတွက်မဟုက်ဘဲ သားရေနဲ့ အရိုးတွေပါ အသုံးပြုလာကြတာကြောင့် ဆင်မတွေပါ အသက်ခံလာနေရတယ်လို့ မြန်မာ့သစ်တောက တာဝန်ရှိသူတွေက ပြောပါတယ်။ နေပြည်တော်ကောင်စီ မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ  ဦးအောင်မြင့်ထွေးက “သဘာဝ ဆင်ဘေးမဲ့တောတွေ တည်ထောင်ထားတာရှိတယ်။ အဲဒီမှာ ကျနော်တို့ လွှတ်ကျောင်းပြီးတော့ သဘာဝအတိုင်း ပြန်ထားဖို့အတွက် ရည်ရွယ်ချက်တွေ ရှိပါတယ်။ အဲဒါတွေလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။ ကမ္ဘာ့ဆင်များနေအခမ်းအနားကို ၂၀၁၂ ခုကစတင်ပြီး ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဆင်တွေကို တရားမဝင်ရောင်းဝယ်တာကနေ တားဆီးကာကွယ်ဖို့၊ တောဆင်တွေကို ဆင်မုဆိုးတွေ ဖမ်းဆီးသတ်ဖြတ်ပြီး တရားမဝင် အစွယ်ရောင်းဝယ်မှုတွေကို တားဆီးကာကွယ်ဖို့၊ ဆင်တွေကို ညှဉ်းပန်းနှိပ်စက်တာကနေ တားဆီးကာကွယ်ဖို့၊ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို သိရှိလိုက်နာစေဖို့ ရည်ရယ်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်း ကျင်းပလာတာဖြစ်ပြီး အခုဆို ၆ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - စည်သူဇေယျ၊ သော်ဇင်မျိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024