Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရာသီတုပ်ကွေး A(H1N1) ဗိုင်းရပ်ပိုး တွေ့ရှိသူ ၄ ဦးထိ ရှိလာ
DVB
·
August 11, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ခုချိန်ထိ ရာသီတုပ်ကွေး A(H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာ ၄ ဦးထိ ရှိလာပြီလို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။ A(H1N1) ဖြစ်ပွားနေသူတွေကတော့ ပြွန်တန်ဆာမြို့မှာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၆ နှစ်အရွယ် အမျိုသမီး ၁ ဦး၊ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ညောင်လေးပင်မြို့ မအူတန်းကျေးရွာက ကလေးငယ် ၁ ဦးတို့ တွေ့ရှိခဲ့တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။ “ကျနော်တို့ မြို့မှာတော့ ဒီလူနာတွေရဲ့ အခြေအနေတွေ ကောင်းပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိပါဘူး။ ပဲခူးဆေးရုံကြီးကတဆင့် ရန်ကုန်မှာ တက်ရောက်ကုသနေပါတယ်။ ကျနော်တို့လည်း လူနာတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံကာ ပတ်ဝန်းကျင် အနေအထား စစ်ဆေးတာ အိမ်နဲ့ အနီးအနားဝန်းကျင် ရောဂါစောင့်ကြပ် ကြည့်ရှုတာ၊ ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောတာတွေ ပြုလုပ်ပေးနေပါတယ်။” ညောင်လေးပင်မြို့နယ်မှာ AH1N1 ဗိုင်းရပ်စ်ပိုးကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ဆေးရုံလာတက်ရာကနေ မသင်္ကာလို့ စစ်ဆေးရာက လူနာနှစ်ဦးကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး သြဂုတ်လ ၃ ရက်နေ့မှာ ၁ ဦး၊ သြဂုတ်လ ၈ ရက်နေ့မှာ ၁ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းမာရေးဦးစီးဌာနက အဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘူတာ၊ ဈေး၊ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေမှာလည်း အသိပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောတွေ ဖြန့်ဝေတာနဲ့ Mask တွေ ဖြန့်ဝေတာတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024