ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာပြည် လာရောက်ဖွယ်ရှိ
DVB
·
August 10, 2017
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ မျှော်လင့်ရတယ်လို့ ဗာတီကန် သတင်းရင်းမြစ်ကို ကိုးကားပြီး CNS ကတ်သလစ်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားဖို့စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်ခင် မြန်မာပြည်ကို သွားရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်လောက်မှာ ၄ ရက်ကြာ ခရီးစဉ် စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ ရှေ့လမှာ တရားဝင်ကြေညာဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ လူအများစု နေထိုင်ပြီး ကတ်သလစ်ခရစ်ယာန် ဘာသာဝင် လူနည်းစုပဲရှိတဲ့ မြန်မာပြည်ကို ပုပ်ရဟန်းမင်းကြီး တပါးအနေနဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ဗာတီကန်နန်းတော်မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်ကတွေ့ဆုံပြီးနောက် မြန်မာနဲ့ ဗာတီကန်မြို့ပြ နိုင်ငံတို့အကြား သံတမန်အဆက်အသွယ် စတင် ထူထောင်ထားပါတယ်။
ဓာတ်ပုံ-အီးပီအေ