Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်လာသည့် ရခိုင်ဒေသခံများကို နေရပ်ပြန်လည်ပို့ဆောင်
DVB
·
August 10, 2017
အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျေးရွာတွေက ဒေသခံတချို့ကို အာဏာပိုင်တွေက နေရပ်အသီးသီးကို လုံခြုံရေးအစီအမံနဲ့ လိုက်လံ ပို့ဆောင်ပေးနေပါတယ်။ စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်က “အကုန်ပြန်ပို့လိုက်ပြီခင်ဗျ။ အိမ်ထောင်စုက ၅၅ စု၊ လူဦးရေ ၁၉၅ ဦး၊ သူတို့တွေ ပြန်ပို့လိုက်ပါပြီ။ ဒါက စေတီပြင်ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ လူဦးရေပါ။ အခြားနေရာတွေမှာ ရှိတယ်။ သူတို့တို့ကိုလည်း ပြန်ပို့နေတယ်လို့ ကြားတယ်။ ကျနော်တို့ သိထားတာက ထွက်ပြေး တိမ်းရှောင်လာသူ လူဦးရေ အားလုံးကတော့ ၆၀၀ ကျော်လောက်ရှိတယ်။ သူတို့တွေကိုလည်း ပို့နေတယ်လို့ ကြားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ သြဂုတ် ၅ ရက်နေ့ ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပုနဲ့ တာဝန်ရှိသူတွေက ထွက်ပြေးတိမ်းရှောင်လာသူတွေကို စားနဲ့ရိက္ခာတွေထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ၀န်ကြီး က နယ်မြေလုံးခြုံရေးအတွက် ရဲအင်အားတွေ တိုးမြှင့်ချထားပေးဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ထက်မံအကြမ်းဖက်တိုက်ခိုက်ခံရမှာ စိုးရိမ်နေကြသလို့ လုံခြုံရေး အင်အားကိုလည်း တိုးမြှင့်ချထားပေးဖို့ တောင်းဆိုကြတာပါ။ ရသတော့င်မြို့နယ်၊ ပိတောက်မြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်က ”ပိတောက်မြိုင်ကျေးရွာက ဘင်္ဂါလီရန်ကြောင့် ထွက်ပြေးလာရတယ်။ ကျနော်တို့ ကျေးရွာမှာ ဘင်္ဂါလီတွေက လာပြီးခြိမ်းခြောက်တာတွေရှိတယ်။ ဒီလိုခြိမ်းခြောက်လာတော့ ကျနော်တို့ ချွတ်ပြင်၊ ပြင်ရှည်၊ ပိတောက်မြိုင်၊ ဒီကျေးရွာတွေက လုံခြုံရေးတွေရှိတဲ့ စေတီပြင်ကျေးရွာကို ထွက်ပြေးလားရတယ်။ အခု ဒီစေတီပြင်ကယ်ဆယ်ရေး စခန်းမှာလည်း ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်လို့ ပြည်နယ်ဝန်ကြီးချုပ်ဆီမှာ ခွင့်တောင်းပြီး တော့ပိတောင်မြိုင် ကျေးရွာကို ပြည်သူ့ရဲ ၇ ဦး ချပေးပါတယ်။ အခုကယ်ဆယ်ရေးစခန်းကနေ ပိတောက်မြိုင် ကျေးရွာကို ပြန်ပါတယ်။” အကြမ်းဖက်ခံရမှုကြောင့် မြိုတိုင်းရင်းသား ၇ ဦး သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း တချို့ ဒေသခံတွေဟာ အကြောက်တရားတွေ လွှမ်းမိုးနေတာကြောင့် ကယ်ဆယ်ရေးစခန်းမှာ ဆက်လက်နေထိုင်လိုကြတယ်လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာက၊ သက်တိုင်းရင်းသား ကျေးရွာလူကြီး ဦးထွန်းသာလှက “ချွတ်ပြင် ကျေးရွာက ဘင်္ဂါလီတွေကိုကြောက်လို့ တိမ်းရှောင်နေရတဲ့အထဲမှာ စေတီပြင်တဖွဲ့ရယ်၊ နောက်ပြီး၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာတဖွဲ့ပါ။ စေတီပြင်က အဖွဲ့တွေကို တပ်အင်းအားနဲ့ ရွာတွေကို ပို့လိုက်ပါပြီ။ အခု ကျန်တဲ့တဖွဲ့ကတော့ အကြောက်တရားတွေ တော်တော်လွှမ်းမိုးနေတာကြောင့် သူတို့ မသွားချင်ကြဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျေရွာတွေဖြစ်တဲ့ ချွတ်ပြင်၊ ပိတောက်မြိုင် ပြင်ရှည်ကျေးရွာက ဒေသခံတွေကတော့ စေတီပြင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ ယာယီခိုလှုံနေထိုင်ခဲ့ကြီး၊ ပေါက်ပင်ရင်း၊ အောင်ဇေယျ ကျေးရွာ၊ သဇင်မြိုင် စတဲ့ကျေးရွာတွေက ဒေသခံတွေကတော့ ခွဆုံကျေးရွာမှာ ယာယီ ခိုလှုံနေထိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး သြဂုတ် ၈ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူအုပ်စုက အတင်းဝင်ရောက်ဝိုင်းဝန်းတဲ့ ဖြစ်စဉ်ကြောင့် ဒေသခံတွေက စိုးရိမ်စိတ်နဲ့ စေတီပြင်ကျေးရွာကို ပြောင်းရွှေ့လာတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ချွတ်ပြင်ရွာ၊ ပိတောက်မြိုင်ရွာ၊ ပြင်ရှည်ရွာ၊ ပေါက်ပင်ရင်းရွာတို့မှာ လုံခြုံရေးကင်းစခန်းတွေ အခိုင်အမာချထားပြီးဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024