Home
မြန်မာသတင်း
သီပေါထောင်ရှိ သတင်းသမား ၃ ဦးကို လူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ
နော်နိုရင်း
·
August 10, 2017
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက် ၃ ဦးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအရေးကော်မရှင်အဖွဲ့ဝင်တွေက သြဂုတ် ၉ရက်က သီပေါထောင်မှာ  ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူအခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ ဒေါက်တာမြင့်ကြည်တို့က သီပေါထောင်မှာ ဖမ်းဆီးခံရတဲ့ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်(ခ)လဝီဝမ်တို့ကို မနေ့ နေ့ခင်းပိုင်းက တွေ့ဆုံမေးမြန်းခဲ့တာလို့ ဦးယုလွင်အောင်ကဒီဗွီဘီကို ပြောပါတယ်။ ဒီလိုတွေ့ဆုံရာမှာ သတင်းထောက်တွေအနေနဲ့ သူတို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေကို ပြောဆိုပြခဲ့ပြီး လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သူတို့နဲ့ပါလာတဲ့ ထောက်အထားတွေကို စစ်ဆေးပြီး အကြံပြုချက်ပေးပို့သွားမှာ ဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။ “သူတို့မှာ ဘာတွေပါလာလဲ ဆိုတော ကျနော်တို့ ဂဃနဏ မသိဘူးလေ။ အဲတော့ နိုင်ငံတော်နဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ မပါဘူးဆိုရင် သူတို့တွေသည် ဒီဗွီဘီက ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သွားခွင့်ရှိတာပေါ့လေ။ ဒါ အပြစ်မရှိဘူး။ နောက်တခုက သူတို့က သတင်းထောက်တွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့ တွေ့တဲ့လူကို သတင်းယူလို့ရတယ်။ ဓာတ်ပုံရိုက်လို့ရတယ်။ မှတ်တမ်းတင်လို့ ရတယ်။ အင်တာဗျူး လုပ်လို့ရတယ်။  သတင်းသမားတွေရဲ့ လုပ်ဆောင်ခွင့်ရှိတဲ့ လုပ်ဆောင်ချက်ပေါ့လေ။ အဲဒီဟာကို လုပ်တဲ့အတွက်ကြောင့်မို့ အရေးမယူသင့်ဘူးပေါ့လေ။ အဲဒီတော့ ဥပဒေကြောင်းအရ သူတို့မှာ ဘာတွေ ငြိနေလဲဆိုတာ ကျနော်တို့ မသိဘူးလေ။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့ အခုတော့ တရားရုံးတို့ ဘာတို့မှာ ရောက်နေတဲ့ သူတို့ရဲ့ အထောက်အထားတွေကို ကျနော်တို့က ထပ်တောင်းထားပါတယ်ခင်ဗျာ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ သုံးသပ်ချက်ကလေးကို ရေးပြီးတော့ ရုံးချုပ်က ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ပါတဲ့ အဖွဲ့ကို လှမ်းပြီးတော့ အကြောင်းကြားပါ့မယ်။ အဖွဲ့ကနေ သဘောတူတယ်ဆိုရင် ကျနောတို့က ဒါကို ဆက်ပြီးတော့ တင်ပြရမှာပေါ့လေ။ အကြံပြုချက်တွေ ပေးရမှာပါ။ ” ဒါ့အပြင် သတင်းသမားတွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ စွဲဆိုချက်အပေါ်မှာလည်း ဦးယုလွင်အောင်က “သူတိုရဲ့ ပါလာတဲ့ အထောက်အထားတွေက ဘာတွေလဲဆိုတာကို ကျနော်တို့ ကြည့်ရမယ်ပေါ့နော်။ ပြီးတဲ့အခါကျတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအခြင်းးအရာတွေကို သူတို့က ယူသွားတယ်၊ သယ်သွားတယ်။ ဟိုဘက်ကို သတင်းပေးတယ် ဆိုတာမျိုးပေါ့နော်၊ ဟိုဘက်က သတင်းအချက် အလက်တွေယူလာပြီးတော့ ဒီဖက်က မြေအောက်သမား ယူဂျီသမားတွေကိုပေးမှာ တို့ သူတို့ ရည်ရွယ်ချက်ရှိရှိပေါ့နော် ဒါမျိုးတွေ လား။ ဒါမျိုးတွေဆိုရင်တော့ ၁၇(၁) နဲ့ ငြိတာပေါ့နော်။ ဒါမျိုးတွေမဟုတ်ဘဲနဲ့ ရိုးရိုးပဲ ဓာတ်ပုံရိုက်ပြီးတော့ အင်တာဗျူး လုပ်တဲ့သဘော၊ အင်တာဗျူးလည်းဖွင့်ကြည်ရင်ပေါ်တာပေါ့လေ။ ဘယ်လို ရည်ရွယ်လဲဆိုတာ ပေါ်တာပေါ့လေ။ ရိုးရိုးသတင်းသမားတယောက်အနေနဲ့ လုပ်တာကိုင်တာဆိုလို့ရှိရင် အရေးမယူသင့်ဘူးလို့ ယူဆတာပေါ့နော်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က တီအန်အယ်အေလက်နက်ကိုင်အဖွဲ့က ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို  သတင်းသွားယူပြီးပြန်လာတဲ့ သတင်းသမားတွေပါအ၀င် ၆ဦးကို  တပ်မတော်စစ်ကြောင်းက နမ့်ဆန်-သီပေါ ကားလမ်းမှာ ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားတာ  ဖြစ်ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ သီပေါ၊ လားရှိုးနဲ့ နမ္မတူ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ သြဂုတ် ၇ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ရောက်ခဲ့ပါတယ်။ မနေ့ကတော့ သီပေါထောင်ကို သွားရောက်စစ်ဆေးမေးမြန်းခဲ့သလို ဒီနေ့မှာတော့ လားရှိုးထောင်က အကျဉ်းသူအကျဉ်းသားတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နမ္မတူမြို့ သွားရောက်မယ့်ခရီးစဉ်ကိုတော့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လုံခြုံရေးအရ ဖျက်သိမ်းခဲ့ရကြောင်းလည်း ကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024