Home
မြန်မာသတင်း
ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်များအမှု တပ်မတော်အရာရှိ ၂ ဦး သက်သေထွက်ဆိုမည်
DVB
·
August 10, 2017
သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို မနက်ဖြန် သီပေါတရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး တပ်မတော်က တရားလိုပြသက်သေအဖြစ် အရာရှိ ၂ ဦး လာရောက်ထွက်ဆိုမှာ ဖြစ်ပါတယ်။ တပ်မတော် ခမရ ၅၀၃ မှ ဗိုလ်မှူးမြတ်မွန်အောင်နဲ့ ဗိုလ်သော်ဇင်တို့ သီပေါမြို့နယ်တရားရုံးမှာ တရားလိုပြ သက်သေအနေနဲ့ လာရောက်ထွက်ဆိုမှာ ဖြစ်ပြီး ဖမ်းဆီးခံ သတင်းထောက်တွေအတွက် အာမခံထပ်မံတောင်းဆိုသွားမယ်လို့ တရားလွှတ်တော် ရှေ့နေဦးမောင်မောင်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းမှာတော့ တရားလို ဖြစ်သူ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး လာရောက်ထွက်ဆိုခဲ့ပြီး  စွပ်စွဲဖမ်းဆီးခံထားရသူတွေအတွက် အာမခံ လျှောက်ထားမှုကိုတော့  တရားရုံးက ပယ်ချထားပါတယ်။ တီအန်အယ်လ်အေ မူးယစ်ဆေးဝါးဖျက်ဆီးပွဲ သတင်းသွားယူပြီး ပြန်လာတဲ့ ဒီဗွီဘီ သတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးပါ ၆ ဦးတို့ကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ရှမ်းပြည်နယ် နမ့်ဆမ်-သီပေါ ကားလမ်း၊ နမ့်ဆမ်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့မှာတော့ စစ်တပ်က သီပေါရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၇ ရက်နေ့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအကော်မရှင်အဖွဲ့ဝင် အဖွဲ့ဝင် ၅ ဦးဟာ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ၃ ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024