Live
Home
ရုပျသံ
ဘန်ကောက်တွင် မြန်မာအချင်းချင်းပေါ် ခိုးမှု၊ လုယက်မှု ကျူးလွန်သူ ၂ ဦး ဖမ်းမိ
DVB
·
August 10, 2017
  ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ခွန်းထိန်းနယ်မြေထဲမှာ မြန်မာနိုင်ငံသားအချင်းချင်းအပေါ်  ခိုးမှု၊ လုယက်မှု ကျူးလွန်ခဲ့သူ ၂ ဦးကို နယ်မြေခံရဲတွေ ဖမ်းဆီးရမိခဲ့တယ်လို့  ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ၃၅ နှစ် အရွယ် ဇင်မင်းထွန်း နဲ့ ဒိုင်း တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်  ၈ ရက်နေ့ညက ဘန်ခွန်းထိန်းနယ်မြေ ဘန်ဘွန်ရပ်ကွက်ရှိ မြန်မာအလုပ်သမား သောင်းထိုက်နဲ့ အေးမိစံတို့ ဇနီးမောင်နှံနေထိုင်ရာ တိုက်ခန်းကို ရောက်ရှိလာပြီး ဓားရှည်နဲ့ ခြိမ်းခြောက်ကာ တယ်လီဖုန်းနဲ့ ငွေတွေ လုယူသွားကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် ရဲတွေက ခြေရာခံ လိုက်လံဖမ်းဆီးခဲ့တာလို့ ဘန်ခွန်းထိန်းနယ်မြေ ရဲစခန်း ရဲမှူးကြီး ဖုန်းစ်အနန် ခလိုက်ခိန်းက သြဂုတ် ၉ ရက်နေ့ သတင်းစာရှင်းလင်းမှာ ပြောကြားခဲ့ပါတယ်။ အလုခံရသူတွေက သူတို့နှစ်ဦးက ဘယ်သူဘယ်ဝါ ဆိုတာကို မှတ်မိသိရှိနေတဲ့အတွက် ရဲတွေက သူတို့ဓာတ်ပုံ၊ အထောက်အထား၊ ဖမ်းဝရမ်းစာနဲ့အတူ သူတို့ ပုန်းခိုရာနေရာ ဘန်ဘွန်ရပ်ကွက်ထဲမှာ သွားရောက်ဖမ်းဆီးရာမှာ သူတို့ ၂ ဦးဆီကနေ သူတပါးဆီက လုယက်ထားတဲ့ စမတ်ဖုန်း ၂ လုံး၊ ဖလက်စခရင် တီဗွီ တလုံး၊ ဘတ်ငွေ သုံးထောင်၊  လုယက်ရာမှာ အသုံးပြုတဲ့ ဓားရှည်၊ ဟွန်ဒါဆိုင်ကယ်တစီးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့  ရဲမှူးကြီးက ဆက်ပြောပါတယ်။ ဒီမတိုင်ခင်က အခြား မြန်မာအလုပ်သမားတွေလည်း  သူတို့ ၂ ဦးရဲ့  ခိုးမှု၊ လုယက်မှုတွေ ခံခဲ့ရလို့  ရဲစခန်းမှာ လာရောက်တိုင်တန်းထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးကလည်း ဘန်ခွန်ထိန်းနယ်မြေတဝိုက်မှာ အလုပ်သမားတွေ တံခါးဖွင့်ထားတာ တွေ့ရင် အထဲဝင်ပြီး ခြောက်လှန့်လုယက်ခဲ့ကြောင်း၊ မြန်မာတွေဟာ ထိုင်းရဲကို သွားတိုင်ရမှာ ကြောက်တတ်လို့  အခုလို မြန်မာအချင်းချင်း ရွေးပြီး လုယက်ရတာလို့ ဝန်ခံသွားပါတယ်။ ရဲစခန်းကတော့ သူတို့ ၂ ဦးကို သူတပါးပစ္စည်းဥစ္စာ ခိုးယူမှု၊ လုယက်မှုနဲ့ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ပါ အမှုဖွင့်ပြီး  တရားဥပဒေအတိုင်း အရေးယူ အပြစ်ပေးသွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။   ကိုးကား - ဒေးလီးနယူးစ် ၊ ထိုင်းတီဗွီ ချနယ် ၈ သတင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024