Home
မြန်မာသတင်း
ကွန်ဒိုမီနီယံဆိုင်ရာနည်းဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် ဆောင်ရွက်နေ
နေဖြိုးဝင်း
·
August 10, 2017
နိုင်ငံခြားသားတွေ အခန်းပိုင်ဆိုင်ခွင့်ရှိမယ့် စုပေါင်းပိုင်အဆောက်အအုံ (CONDOMINIUM) ဆိုင်ရာနည်းဥပဒေ အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောကြားလိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလျော့စေဖို့နဲ့ လုပ်ငန်းတွေ လည်ပတ်ဖွံ့ဖြိုးလာစေဖို့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးခွန်းကို သြဂုတ် ၉ ရက် အမျိုးသားလွှတ်တော်မှာ ဒုဝန်ကြီး ဦးကျော်လင်းက အခုလို ပြန်လည်ဖြေဆိုတာပါ။ “ဒီဥပဒေဟာ နိုင်ငံခြားသားတွေ အဓိက ဝယ်ယူခွင့်ရဖို့ ရေးဆွဲထားတာ ဖြစ်ပေမယ့် မြေပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘဲ အခန်းဝယ်ယူခွင့်မှာလည်း အဆောက်အဦရှိ အခန်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း (အခန်း ၁၀၀ ရှိရင် အခန်း ၄၀)ကိုပဲ ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ မြေပိုင်ဆိုင်ခွင့် မရှိတဲ့အတွက် အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးနေရတာကြောင့် ဒီနည်းဥပဒေပြဋ္ဌာန်းဖို့ အချိန်ကြာနေတာ” ကွန်ဒိုအဆာက်အဦ ပြိုပျက်သွားပြီးနောက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ ကိစ္စ ပြေလည်မှုရရှိသွားပြီလို့လည်း  ပြည်ထောင်စု  ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်မှာ ရှင်းလင်းပြောကြားသွားပါတယ်။ “နိုင်ငံခြားသားတွေ ဒီကွန်ဒိုမှာ နေတဲ့ ကာလတလျှောက်လုံးတော့ တခန်းကို ပိုင်တယ်။ သို့သော် ဒီကွန်ဒိုကြီး ပြိုပျက်သွားရင် ဒါမှမဟုတ် ဖျက်ရတဲ့အချိန် ဆိုလို့ရှိရင် သူ့မှာ ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။ သို့သော် ကျန်တဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီမြေကို ဆက်ပိုင်နေမယ်။ အဲအပိုဒ်လေးကို ခြွင်းချက်အနေနဲ့ ထည့်လိုက်တဲ့အတွက် ပြေလည်မှုရသွားပါပြီ။ အဲအပိုဒ်လေးပေါ်မှာ ငြင်းခုံနေတာ တနှစ်လောက်ရှိပြီ ဖြစ်တယ်။” နည်းဥပဒေမူကြမ်းကို ဥပဒေကြောင်းအရ အကြံပြုနိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့တာမှာ အကြံပြုချက် ၇ ချက်နဲ့ သဘောထား မှတ်ချက်ပြန်ကြားလာတဲ့အတွက် အကြံပြုချက်အတိုင်း ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ထားတယ်လို့သိရပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အတည်ပြုချက်ပြီးပါက  သမ္မတရုံးကိုဆက်လက် တင်ပြပြီး အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့  ဒုတိယဝန်ကြီးက ပြောပါတယ်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလကတည်းက  ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး နည်းဥပဒေမထွက်ရှိနိုင်ဘဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024