Live
Home
မြန်မာသတင်း
မူးယစ်​​ဆေး​ရောင်းဝယ်​သူ အမျိုးသမီး​နေအိမ်​မှ ဘိန်း၊ စိတ်ကြွဆေးနှင့် ပစ္စတို​သေနတ်​​ဖမ်းမိ
DVB
·
August 10, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ သတင်းအရ ရပ်ကွက် (၂) နေ မနာအိုသဲရဲ့ နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေဖမ်းမိခဲ့ပါတယ်။ သြဂုတ် ၈ ရက်က ဖမ်းဆီးရမိ တရားခံနှစ်ဦးဖြစ်တဲ့ ဇင်သူအောင်နဲ့ ရန်နိုင်ထွန်းတို့ရဲ့ အစစ်ခံ ထွက်ဆိုချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းအမှတ် (၄/၂၀၁၇) အရ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ နားကောင်းမူး နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မိုးခိုင်က"သြဂုတ်လ ၈ ရက်နေ့က ဟောင်လီစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတဲ့ တရားခံနှစ်ဦးကို စစ်ဆေးချက်အရ ကွင်းဆက်ဖော်ထုတ် ဖမ်းဆီးခဲ့တာပါ။ ကိုယ်တိုင်သုံးစွဲရောင်းဝယ်နေကြသူတွေပါပဲ”လို့ ပြောပါတယ်။ ဘိန်းမည်း ၁၀၀ ဂရမ်၊ ဘိန်းဖြူအမှုန့် ၀ ဒသမ ၁ ဂရမ်၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ ပြား၊ အမေရိကန်လုပ် ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ်တခု ကျည် ၅ တောင့်နဲ့ ဒေသလုပ် တူမီးသေနတ်ပြောင်းရှည် ၁ လက်နဲ့ လူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အိမ်ရှင်မနာအိုသဲရဲ့ ဝတ်ဆင်ထားတဲ့ ဘော်လီအင်္ကျီအတွင်းက WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၄၅ ပြား၊ ပလတ်စတစ်ကော်ဘူးထဲမှာ ထည့်ထားတဲ့ ဘိန်းဖြူမှုန့် ၀ ဒသမ ၁ ဂရမ်၊ လားဟူရိုးရာ လွယ်အိတ်ထဲက ဘိန်းစိမ်းလို့ ယူဆရတဲ့ အမည်းရောင် အစေး ၁၀၀ ဂရမ်၊ အိပ်ရာခေါင်းရင်းမှ အမေရိကန်လုပ် ၉ မမ ပစ္စတိုသေနတ် ၁ လက် ကျည်အိမ်တခု ကျည် ၅) တောင့် ပြောင်းရှည်တူးမီး သေနတ်တလက်ကိုလည်းဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင်၎င်းအိမ်မှာ ရောက်ရှိနေတဲ့ လော်အဲ ဝတ်ဆင်ထားတဲ့ ရှပ်အင်္ကျီအိတ်ကပ်အတွင်းက အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WYစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈ ပြား၊ ပါလုံး ဝတ်ဆင်ထားတဲ့ ရှပ်အင်္ကျီ အဖြူရောင်လက်ရှည် အိတ်ကပ်ထဲက ပလတ်စတစ်ကော်ဘူးငယ်ထဲ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပြီး အတူတွေ့ရှိရသူ ညွီလေး ဆီကတော့ တွေ့ရှိရမိခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပစ္စတိုသေနတ် ဖမ်းဆီးရမိတဲ့ တရားခံ မနာအိုသဲ(၃၇-နှစ်)၊ လော်အဲ (၃၀-နှစ်)၊ ပါလုံး (၅၄-နှစ်)၊ ညွီလေး (၂၂-နှစ်) တို့ ၄ ဦးကို နားကောင်းမူး နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၅/၁၉(က) နဲ့ ရှမ်းလက်နက်ဥပဒေပုဒ်မ ၂၁/၂၂(ခ) အရ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - အောင်ဇေယျ(မိုင်းတုံ)၊ ဓာတ်ပုံ - မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024