Home
မြန်မာသတင်း
မော်လမြိုင်တွင် WY ဆေးပြားများ ရောင်းချသူအား ဖမ်းမိ
DVB
·
August 9, 2017
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ပျဉ်ထောင်တန်းလမ်းပေါ်တွင် သြဂုတ် ၈ ရက်၊ ည ၇ နာရီလောက်က မူးယစ်ဆေးဝါး ရောင်းချသူအဖြစ် သတင်းကြီးနေသူထံမှ WY ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သတင်းအရ မော်လမြိုင် မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ ကျိုက်ဖနဲရပ်ကွက်၊ ပျဉ်ထောင်တန်းလမ်းပေါ်မှာ စောင့်ဆိုင်းနေစဉ် အောင်ကိုကိုလှိုင် (ခ) ဆံရှည် စီးလာတဲ့ ဆိုင်ကယ်ကို   စစ်ဆေးရာ သူဝတ်ဆင်ထားတဲ့ ဘောင်းဘီအိတ်ထဲက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၅ ပြားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲအုပ်သန်းတင်က “သူက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျော်စောသတင်း ရှိတဲ့သူပါ။ သူ့ကို စောင့်ကြည့်နေတယ်။ ဖြစ်တဲ့နေ့က သူ့ကိုဖမ်းဖို့ စောင့်ဆိုင်းနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လာတာတွေ့လို့ စစ်ဆေးတယ်။ သူ့ဘောင်းဘီအိတ်ထဲက ဆေးပြားတွေမိတယ်။ သူ့ကို ထပ်စစ်ဆေးတော့ သူ့အိမ်မှာလည်း ဆေးပြားတွေ ကျန်သေးတဲ့အကြောင်း စစ်ဆေးရလို့ သူ့အိမ်ကို သွားထပ်ရှာတဲ့အချိန်မှာ ဆေးပြားတွေ ထပ်မိခဲ့တာပါ။ သူ့ကိုတော့ ဥပဒေအရ အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။ အောင်ကိုကိုလှိုင် (ခ) ဆံရှည်နေထိုင်တဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာမှာလည်း WY ပန်းရောင်စိတ်ကြွဆေးပြား ၃၃၀ ထပ်မံသိမ်းဆည်းရမိခဲ့လို့ စုစုပေါင်း ဆေးပြား ၃၈၅ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၂၅,၀၀၀ ကျပ် ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲအုပ်သန်းတင်မှ တရားလိုလုပ် တိုင်တန်းလို့ ကိုကိုလှိုင် (ခ) ဆံရှည်ကို ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းက မူး/စိတ်ပြောင်း ပုဒ်မ-၁၅/၁၉(က) နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024