တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ အာဆင်နယ်အသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း အွန်နရီက သုံးသပ်ပြောကြားလိုက်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီဟာ ဒီနှစ်အပြောင်းအရွှေ့ကမှ လိုင်ယွန်အသင်းကနေ ပေါင် ၅၂ သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လာတာပါ။
လာကာဇက်တီဟာ အသင်းဖော် အိုလီဗာဂျရူးနဲ့ မတူတဲ့ ကစားသမားတဦးဖြစ်သလို ဒီလို တိုက်စစ်မှူးမျိုးဟာ အာဆင်နယ်အသင်းနဲ့ သင့်တော်ပြီး အောင်မြင်မှုတွေ ရနိုင်တယ်လို့ အွန်နရီက ပြောပါတယ်။
ဒါ့အပြင် ပြင်သစ်လိဂ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ပြခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ပြလိမ့်မယ်လို့ အွန်နရီက သုံးသပ်ပါတယ်။
လာကာဇက်တီကို ပြင်သစ်လိဂ်ပြိုင်ပွဲမှာ လူငယ်ကစားသမားဘဝကတည်းက တွေ့မြင်နေရပြီး မိမိဟာ သူ့ရဲ့ ပရိသတ်တဦးလည်း ဖြစ်တယ်လို့ အွန်နရီက ဆက်ပြောပါတယ်။
အသက် ၂၆ နှစ်ရှိ လာကာဇက်တီဟာ ပြီးခဲ့တဲ့နှစ်က လိုင်ယွန်အသင်းအတွက် ၃၇ ဂိုးအထိ သွင်းယူခဲ့ပါတယ်။