အမျိုးသားနှင့် အမျိုးသမီးအား တရွာတည်းနေ စိတ်ဝေဒနာသည်က ဓားဖြင့် ခုတ်သတ်
DVB
·
August 8, 2017
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ချောင်းစောက်ကျေးရွာအုပ်စု ကျောက်ပြင်သာ ကျေးရွာမှာ သြဂုတ်လ ၇ ရက်နေ့ နေ့လယ်က အမျိုးသားတဦးနဲ့ နွားကျောင်းပြန်လာတဲ့ အမျိုးသမီးတဦးကို တရွာတည်းနေသူက ကိုင်းခုတ်ဓားနဲ့ လိုက်လံခုတ်တာကြောင့် အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ပြီး နွားကျောင်းပြန်လာတဲ့ အမျိုးသမီးကတော့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျောက်ပြင်သာကျေးရွာနေ တင်မျိုးဝင်း(၄၂-နှစ်)ဟာ တရားခံ တင်မျိုးအောင်ရဲ့ နေအိမ်ရှေ့က ဖြတ်ပြန်လာချိန်မှာ ကိုင်းခုတ်ဓားနဲ့ လိုက်ခုတ်ခဲ့လို့ ကျောဘက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဘေးက ဝိုင်းအော်တာကြောင့် ရွာအပြင်ဘက်ကို တရားခံ ထွက်ပြေးသွားခဲ့ပါတယ်။
တင်မျိုးဝင်းက ဓားခုတ်ခံရမှုကို အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းခဲ့တာကြောင့် သွားရောက်စစ်ဆေးတဲ့အခါမှာ ၁ နာရီခန့်အချိန်မှာ တရားခံဟာ နေအိမ်မှာ ပြန်ရောက်ရှိနေတာ တွေ့တဲ့အတွက် ဆက်လက်စစ်ဆေးရာမှာ တရားခံဟာ ရွာအပြင်ဘက်မှာ တရွာတည်းနေသူ ဒေါ်လှနု (၄၀-နှစ်)ကို ဓားနဲ့ ၃ ချက် ခုတ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။
အခင်းဖြစ်နေရာကို သွားရောက်ကြည့်တဲ့အခါမှာ ဒေါ်လှနုဟာ ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ကုပ်ပိုးပြတ်ရှဒဏ်ရာ ၁ ချက်တို့နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးနေတာကို တွေ့ရှိရပါတယ်။
တင်မျိုးဝင်းကို ဒဏ်ရာရရှိအောင် ပြုလုပ်ပြီး ဒေါ်လှနုကို သေစေအောင် ကိုင်းခုတ်ဓားနဲ့ ခုတ်သတ်ခဲ့သူ တင်မျိုးအောင်ကို ဥပဒေအရ အရေးယူပေးပါဖို့ ကျောက်ပြင်သာကျေးရွာ အုပ်ချူပ်ရေးမှူးက ဥက္ကံနယ်မြေရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းထားတယ်လို့ သိရပါတယ်။
ဥက္ကံနယ်မြေရဲစခန်းက တရားခံ တင်မျိုးအောင်ကို စစ်ဆေးခဲ့ရမှာ တရားခံဟာ ကျန်းမာရေးမကောင်းဘဲ စိတ်မငြိမ်မသက် ဖြစ်နေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရန်ငြိုးရန်စ မရှိပေမယ့် အခင်းဖြစ်ချိန်မှာ အသိစိတ်မရှိတာကြောင့် အခုလို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ တရားခံ တင်မျိုးအောင်ကို (ပ)/၁၁၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၂၆ နဲ့ စခန်းမှူးရဲအုပ်သန်းနိုင်က အမှုကို စစ်ဆေးဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
သတင်း - မေသွယ်