တောင်ကြီးမြို့၌ H1N1 ရောဂါပိုး ၂ ဦးတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန အတည်ပြု
DVB
·
August 7, 2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံမှာ ဩဂုတ် ၆ ရက် ညနေပိုင်းက H1N1 ရောဂါပိုး တွေ့ရှိသူ ၂ ဦး ရှိတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။
ဩဂုတ် ၃ ရက်နေ့က ဆေးရုံတက်တဲ့ ၅ နှစ်အရွယ် မိန်းကလေးနဲ့ ဩဂုတ် ၄ ရက်နေ့က ဆေးရုံတက်တဲ့ ကလေးတဦးကို ရောဂါပိုးရှိတယ်လို့ အတည်ပြုလိုက်တာပါ။
ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က “အခု အမျိုးသမီးနှင့်ကလေးဆေးရုံမှာ ၂ ဦး ရောဂါပိုးတွေ့ရှိတယ်။ အရင်တယောက်က နှာခေါင်းတို့ဖတ် အဖြေထွက်တယ်။ နောက်မှတက်လာတဲ့ တယောက်က နှာခေါင်းတို့ဖတ် အဖြေ မထွက်ဘူး။ ၂ ဦးလုံးက ရောဂါပိုးတွေ့ရှိတယ်”လို့ ပြောပါတယ်။
လက်ရှိ H1N1 လူနာ ၂ ဦးကို သီးသန့်ဆောင်မှာထားပြီး ဆေးကုသမှု ခံယူနေတာဖြစ်ပြီး အရင်တက်တဲ့တဦးက ရောဂါသက်သာလာပြီလို့ သိရပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးထားတယ်၊ ရောဂါပိုးရှိတိုင်းလည်း အရမ်းစိုးရိမ်စရာ မလိုဘူး။ ပုံမှန်ကုသမှုခံယူဖို့တော့ လိုတယ်”လို့ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောပါတယ်။
ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ နေမကောင်းဖြစ်ရင် ပွဲလမ်းသဘင်သွားခြင်း၊ လူထူထပ်တဲ့ နေရာသွားခြင်းတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။ နေမကောင်းဖြစ်ရင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းမှာ နားလည်တဲ့ဆရာဝန်ကိုပြသပြီး ကုသမှုခံယူဖို့ လိုပါတယ်။
တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံမှာ H1N1 ရောဂါပိုးတွေ့ရှိတဲ့ လူနာ မိန်းကလေးနှစ်ဦးဟာ ကလောမြို့နယ် ပုန်းအင်းရွာက မအိအိငြိမ်းနဲ့ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၆ က မအိနန္ဒာအောင်တို့ ဖြစ်ပြီး သီးသန့်ဆောင်မှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
သတင်း - ခွန်ရာဇာ