Home
မြန်မာသတင်း
အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့် အောင်မြင်သူများအား ပြန်လွှတ်ပေး
DVB
·
August 7, 2017
၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ ကြတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇ ယောက်ကို နိုင်ငံတော်သမ္မတက ဒီနေ့ပဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ပါတယ်။ မန္တလေး အိုးဘိုထောင်က ၅ ယောက်နဲ့ ရန်ကုန်အင်းစိန်ထောင်က ၂ ယောက်ကို ဒီမနက်ပိုင်းမှာ အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာပါ။ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက “အကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတာမှာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင် ခဲ့တာကို ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာ စေတနာများကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားနိုင်ရေးအတွက်လည်းကောင်း လွှတ်ပေးလိုက်တာပါ” လို့ ပြောပါတယ်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၂၈ ယောက်မှာ တစ်ဘာသာ ဂုဏ်ထူးရှင် ၂ ယောက်အပါအဝင် ၉ ယောက် အောင်မြင်ခဲ့ပြီး မန္တလေး အိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင် ၄ ယောက်ရှိခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် ၁ ယောက်ရှိခဲ့ပါတယ်။ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ အသက် ၁၉ နှစ်အရွယ် မအမြူး ခေါ် မရွှန်းလဲ့ဝေဟာ မူးယစ်ဆေးလက်ဝယ်တွေ့မှု ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်ဒဏ် ၁၀ ကျခံနေရတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ယောက်ရှိပြီး ၂၄၂၇၃၆ ယောက် အောင်မြင်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ- မျိုးနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024