အလုပ်ခန့်ထားရေးနှင့်ပတ်သက်ပြီး ပညာရေးတက္ကသိုလ်၊ ကောလိပ်ကျောင်းသားများ ဆန္ဒပြ
ပိုင်စိုး
·
August 6, 2017
ရန်ကုန်နဲ့ မန္တလေးမှာ ပညာရေးတက္ကသိုလ်၊ ကောလိပ်တွေက ကျောင်းသားတွေဟာ အလုပ်ခန့်ထားရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် သြဂုတ်လ ၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
လုပ်သက်နစ်နာတာတွေ၊ ဆရာခန့်ထားရေးမှာ တရားမျှတမှုမရှိတာတွေကြောင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်နဲ့ မန္တလေးပညာရေးကောလိပ်က ၂၀၁၆- ၁၇ ပညာသင်နှစ်မှာ သင်တန်း ပြီးဆုံးထားသူ ဆရာ၊ ဆရာမ ၄၀၀ ကျော်က မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ရန်ကုန်မှာတော့ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆန္ဒဖော်ထုတ်ခဲ့ပြီး ပညာရေး ဝန်ကြီးဌာနကို တောင်းဆိုထားတဲ့ အချက်တွေကို အမြန်ဆုံးလိုက်လျောပေးဖို့ တောင်းဆိုပါတယ်။
ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သင်တန်းပြီးဆုံးရင် လုပ်ငန်းခွင် ဝင်နိုင်ဖို့ အလုပ်ခန့်ရာမှာ နောက်ကျနေပြီး ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနနဲ့တွေ့ဆုံဖို့ တောင်းဆို ထားပေမယ့် ငြင်းပယ်ထားလို့ အခုလို ဆန္ဒပြတာလို့ ကျောင်းသားတွေက ပြောပါတယ်။
လတ်တလောမှတော့ ဆရာ၊ ဆရာမ အနည်းငယ်လောက်ကိုပဲ လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြေညာပေးထားတယ်လို့ ပညာရေးတက္ကသိုလ်များ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။ အတိအကျ မကြေညာပေးသေးတဲ့ အထဲမှာ B.Ed ကျောင်းဆင်းတွေ၊ D.Ded ကျောင်းဆင်းတွေ ကျန်နေသေးပြီး ဆရာအတတ်သင် သင်တန်းဆင်း တစ်ခုထဲမှာတင် လုပ်ငန်းခွင်မဝင်ရသေးတဲ့ ဆရာ၊ ဆရာမပေါင်း တစ်သောင်းနီးပါးလောက်ရှိနေတယ်လို့ သိရပါတယ်။