Home
ဆောင်းပါး
မလွမ်းပို ဖွင့်ပြောလာတဲ့ သူ့အကြောင်း
DVB
·
August 6, 2017
  “ငယ်သူငယ်ချင်းတွေက တို့အကြောင်းလေးတွေသိနေပြီမို့ ချစ်လို့ကွယ် စကြတဲ့အခါ အလွမ်းမလေးပေါ့ သိတယ်မဟုတ်လား မလွမ်းပို လွမ်းပို လွမ်းပို ဒါတွေဟာ တကယ့်တကယ့်တော့ မောင်နဲ့သက်ဆိုင်ခဲ့တာပါပဲ။ ချစ်တဲ့သူပစ်လို့သွားတော့ အလွမ်းမလေးပေါ့ သိတယ်မလား မလွမ်းပို လွမ်းပို လွမ်းပို” ဒီသီချင်းကတော့ အရင်တုန်းကတည်းက အောင်မြင်မှုတွေ ရရှိထားတယ်။ အခုဒီသီချင်းကို လူငယ် အဆိုတော်တစ်ဦးက ပြန်ဆိုတဲ့အခါမှာလည်း တကျော့ပြန် အောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီ“မလွမ်းပို”သီချင်း မူပိုင်ရှင်ကတော့ ရေဒီယိုတေးသံရှင် ဖြစ်တဲ့ အဆိုတော် “ဓညဝတီရွှေကြည်” ပဲဖြစ်ပါတယ်။ “ဓည၀တီရွှေကြည်”ဟာ ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ အဆိုတော် မိုင် ပါ။ မိုင်ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်လာဖို့ သန္ဓေစတည်ခဲ့တာကတော့ အဘိုးဖြစ်သူ ပိုင်ဆိုင်ထားတဲ့ ရေဒီယိုတစ်လုံးကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်မှာ အဘိုးဖြစ်သူရဲ့ အင်တာနာအရှည်ကြီးနဲ့ ရေဒီယိုက လာနေတဲ့ သောတရှင် အစီအစဉ်မှ သီချင်းတွေကို နားထောင်ရင်း ဂီတနဲ့ ရင်းနှီးလာခဲ့တယ်လို့ မိုင်က ပြောပါတယ်။ “သောတရှင် အစီအစဉ်လာပြီဆိုရင် အဖိုးရဲ့ ရေဒီယိုဘေးနားမှာ ကိုယ်ကဦးဦးဖျားဖျား နေရာယူထားတယ်။ အင်တာနာကလည်း အရှည်ကြီး၊ ဂျွီဂျွီ အသံကလည်း မြည်သေးတယ်။ ဒေါ်မာမာအေး တို့သီချင်းတွေ များသောအားဖြင့် လာတယ်။ ကိုယ်က ငယ်ငယ်ကတည်းက ဂီတအနုပညာ ဓာတ်ခံရှိတယ်။ သစ်ပင်ပေါ်တက်ပြီး သီချင်း အော်ဆိုဖူးတယ်။ ငယ်ငယ်ကတည်းက အလွမ်းအဆွေး သီချင်းတွေကို သဘောကျတယ်။ အဲဒီခေတ်က ဦးမောင်မောင်ညွန့်တို့ တွံတေးသိန်းတန်တို့ သီချင်းတွေဆို အကုန်ကြိုက်တယ်။ ကျောင်းဖွင့်ချိန်၊ အသီးတစ်ရာ အညှာတစ်ခု အဲဒီသီချင်းတွေကိုလည်း ဆိုဖူးတယ်။ မင်္ဂလာဆောင်တို့ အလှူတို့မှာ လော်စပီကာနဲ့ ဖွင့်ကြတယ်လေ”လို့ မိုင်က ပြောပါတယ်။ အဆိုတော် မိုင် ရယ်လို့ လူသိများလာတဲ့ သီချင်းကတော့ မလွမ်းပို သီချင်းတွေ ပဲဖြစ်ပါတယ်။ “မလွမ်းပို” သီချင်းတွေကို ပုံဖော်ပေးတဲ့ တေးရေးဆရာကတော့ ကိုလေးလွင် ဖြစ်တယ်လို့ မိုင်က ပြောပါတယ်။ “မြန်မာ့အသံမှာ သီချင်းစဆိုတော့ အသံက၀ဲတော့ ဖြစ်ပါ့မလား။ အဲဒီမှာ ဂီတနက်သန် ဦးအုန်းလွင်က အန်တီရဲ့ ရေဒီယိုလက်ဦးဆရာပါပဲ။ အခုထိ ရှိသေးတယ်။ ဖြစ်ပါ့မလား၊ သမီးအသံက ဒီလောက်ဝဲနေတာ ပြောတော့ တစ်ပုဒ်လောက်တော့ ဆိုကြည့်ချင်တယ် ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ တစ်ပုဒ်ဆိုခွင့်ရသွားတယ်။ တတ်နိုင်သလောက် ကြိုးစားဆိုခဲ့ တယ်။ ဓာတ်ပြား ချက်ခြင်းရတယ်။ အဲဒီကနေ အနုပညာပိုးဝင်ပြီး စန္ဒယား တီးသင်တယ်၊ ဂီတာ တီးသင်တယ်။ ဂီတအခြေခံတွေ၊ သီချင်းကြီးတွေ အားလုံးရတယ်။ အခုနောက်ပိုင်း မှသာ မလေ့လာဖြစ်တော့ တစ်ချို့ဟာတွေလည်း မေ့သွားပြီပေါ့။ အဲဒီမှာ ဓာတ်ပြားသာ မရခဲ့ရင် ဂီတကို လက်လျှော့ပြီး ပညာရေးဘက် ပိုဦးစားပေးဖြစ်မယ်” လို့ မိုင်က ပြောပါတယ်။ “မောင်ရေ မောင်ရေ ခေါ်သံလေးတွေတော့ မောင်ကြားမှာပေါ့ နေတိုင်းလို နေ့တိုင်းလို အများပြောနေကြပြီပေါ့ မလွမ်းပို မလွမ်းပို” ဒီသီချင်းကတော့ အန်တီသိပ်ကြိုက်တဲ့ “စုံတောမြိုင်” သီချင်းထဲက အသံကို အလိုက်ယူပြီးတော့ ဆရာ့ကိုပြောပြတယ်။ အဲဒီ အလိုက်လေးပါအောင် ဆိုချင်တယ်ပေါ့။ အဲဒီလိုပြောပြတော့ ဆရာက ငါ့တပည့်က ဘယ်ဆိုးလို့လဲပေါ့။ ကျန်တဲ့ စာသားတွေကိုတော့ ဆရာက သူအိုင်ဒီယာနဲ့သူ ရေးပေးသွားတာပါ”လို့ မိုင်က ပြောပြခဲ့ပါတယ်။ သီဆိုထားတဲ့ သီချင်းတွေထဲမှာ မောင် စာသားအများစု ပါဝင်တဲ့ အကြောင်းကိုလည်း မိုင်က ပြောပြပါတယ်။ “မောင်နဲ့ပတ်သက်ပြီးတော့ အန်တီက ဆယ်တန်းနှစ်မှာ အတန်းတူတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ကျောင်းစာတွေဖလှယ်ကြရင်း ခဏတဖြုတ် သံယောဇဉ်တွယ်ခဲ့တာပေါ့။ ခဏလေးပါပဲ။ အသက်တော့ မငယ်ပါဘူး ရွယ်တူပါပဲ။ ရည်စားကို တစ်ယောက်ပဲ ထားဖူးတယ်။ အဲဒီတခါပဲ ခံစားခဲ့ဖူးတယ်လေ။ နောက်တော့ အန်တီ အိမ်ထောင်ကျသွား တယ်။ သူများတွေလို ရည်းစားများတာ၊ စာပေးခံရတာ မရှိဘူး။ ဒါကတော့အမှန်ပါပဲ။ ဒီလိုအမှန်ပြောရင် သမီးလေးလည်း ဒီ့ထက်မက အောင်မြင်ပါစေ” လို့ မိုင်က ပြောပါတယ်။ အိမ်ထောင်ကျပြီးနောက် ၁၉၈၁ ခုနှစ်မှာ မောင်ရှိရင်မငိုပါဘူးသီချင်း ထပ်မံထုတ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မိုင်က ဆက်ပြီး ပြောပြပါတယ်။ “အဲဒီအချိန်တုန်းက သားလေးတောင် သုံးတန်း အရွယ်ရောက်ပြီ။ ဒီသီချင်း မူလဖြစ်ပေါ် လာပုံကတော့ မင်းအောင်ကနေ ပထမဆုံး မလွမ်းပို သီချင်းခေါင်းစဉ်ကိုယူပြီးတော့ မလွမ်းပိုမငိုနဲ့ ဆိုပြီး သူရေးဆိုခဲ့တယ်။ အဲဒီချိန် မင်းအောင်လည်း ရေးပန်းစားနေတဲ့အချိန် သူ့ကိုလည်း အရမ်းကြိုက်ကြတယ်။ ကိုယ်ကလည်း မင်းအောင်ကို ကြိုက်တဲ့သူ။ မင်းအောင်ရှိုးပွဲဆိုလည်း ကြည့်တယ်။ အန်တီလည်း မင်းအောင်နဲ့ စုံတွဲဆိုချင်တယ် တွေးမိတာပေါ့။ မလွမ်းပိုမငိုနဲ့ အဲဒီသီချင်း ပေါက်ပြီးတော့ အန်တီက အတွေးရသွားတယ်။ မောင်ရှိရင်မငိုပါဘူး ဆိုပြီး သီချင်းရေးဆရာကို ရေးခိုင်းတာပါ။ ဒီ မောင်ရှိရင်မငိုပါဘူး သီချင်းနဲ့တော့ ဘယ်သူနဲ့မှ အဆက်စပ်မရှိပါဘူး”လို့ မိုင်က ပြောပြပါတယ်။ ချစ်ဦးသူနဲ့ လမ်းခွဲခဲ့ရပေမယ့် အိမ်ထောင်ဖက်က သူမအတွက် ချစ်ရတဲ့ တစ်ဦးတည်းသော ယောက်ျားကောင်းဖြစ်သလို သူမအပေါ်အနွံတာခံပြီး ချစ်ခင်မြတ်နိုးတယ်လို့ မိုင်က ပြောပါတယ်။ အိမ်ထောင်ဖက် ဖူးစာရှင်နဲ့ တွေ့ဆုံခဲ့ပုံကိုလည်း အခုလိုပဲ ပြောပြပါတယ်။ “ဆယ်တန်းအောင်ပြီး ရန်ကုန်ကို ကျောင်းသွားတက်မယ်ပြောတော့ အမေက မလွှတ်ချင်ဘူး။ ရန်ကုန်မှာတော့ ဦးလေးတွေ၊ အဒေါ်တွေ ရှိတယ်လေ။ သူတို့ဆီမှာပဲ ထမင်းလခပေးပြီး နေတယ်။ အန်တီရန်ကုန်ကိုလာပြီး တစ်နှစ်မပြည့်ဘူး ယောက်ျား ယူလိုက်တယ်။ ကိုယ်နေရတာ အမျိုးတွေအိမ် လုံခြုံပေမယ့် ဂီတအနုပညာကို လုပ်ချင်တော့ တယောက်တည်း သွားလာရတာ မသင့်တောာ်ဘူးဆိုပြီး သူက မိကောင်းဖခင် သားသမီးပီပီ အဒေါ်တွေဆီမှာ လာတောင်းပါတယ်။ သူက ရွှေဆိုင်ဖွင့်တယ်။ ပန်းထိမ်ဆရာ တစ်ယောက်လည်း ဖြစ်တယ်။ ကိုယ့်ကိုလည်း တင့်တောင့်တင့်တယ် လာတောင်းတယ်။ သူ့ကိုပြောတယ် ကျွန်မက အနုပညာလုပ်တာ ၀ါသနာပါတယ်။ လိုက်လျောပေးနိုင်သူဖြစ်မှ အိမ်ထာင်ပြုမှာ။ သူကိုယ်တိုင်က ၀ါသနာမပါပေမယ့် အန်တီကို လိုက်လျော့ပေးတယ်။ စန္ဒယားသင်မလား ဘာသင်သင် သူလိုက်လျောပေးတယ်။ သူလည်းကျေးဇူးရှင် တစ်ယောက်ပါပဲ။ တချို့တလေက အိမ်ထောင်ကျပြီးရင် ဘာမလုပ်နဲ့ ညာမလုပ်နဲ့ တားမြစ်ကြတယ်။ သူကတော့ အားလုံးပံ့ပိုးပေးတယ်။ ပြည့်စုံတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါ။ သ၀န်တိုတာတွေ မရှိဘူး။ အန်တီ့ စိတ်ကိုလည်း သူသိတယ်။ အဲဒီတော့ အဖော်တစ်ယောက်နဲ့ သူထည့်ပေးတယ်။ သူကိုယ်တိုင် မလိုက်ဘူး။ သူ့လုပ်ငန်း သူလုပ်တယ်”လို့ သူမရဲ့ခင်ပွန်းသည် စိတ်ထားအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ “အိမ်ထောင်မပြုခင်တုန်းက မလွမ်းပို၊ သူငယ်ချင်းတွေက ပြောကြပြီ သီချင်းတွေ အောင်မြင်တယ်။ သူနဲ့ယူပြီး အဲဒီသီချင်းတွေကို သူရိပ်မိမှာပေါ့။ အခုပြောပြတာ ပထမဆုံး ပြောဖြစ်တာပါ။ ဒီအသက်အရွယ်လည်း ရောက်ပြီ။ ကိုယ့်မှာလည်း သမီးလေးရှိတယ်လေ။ အခုလိုပြောတာလည်း အန်တီအမျိုးသားနဲ့ ဘာပြဿနာမှ မရှိပါဘူး”လို့ မိုင် ကပြောပါတယ်။ မိုင်က မလွမ်းပို သီချင်းတွေနဲ့ အောင်မြင်ကျော်ကြားပေမယ့် သူမ ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ရှိတယ်လို့ ပြောပါတယ်။ “အန်တီက ရွက်လှေမ သီချင်းကိုအကြိုက်ဆုံးပဲ။ ဘာဖြစ်လဲဆိုတော့ ဘ၀မှာ မှတ်တိုင် တစ်ခုဖြစ်ခဲ့တယ်။ ပထမဆုံးအခွေက အောင်မြင်တယ်။ ဒုတိယနှင့် တတိယ အဲဒီနှစ်ခွေက ငွေကြေးကတော့ ပြန်ရတယ်။ ဒါပေမယ့် ပရိသတ်ကြားမှာ မအောင်မြင်ဘူး။ လေးခုမြောက် စီးရီး “ရွက်လှေမ”ကျတော့မှ ပရိသတ်ကြားမှာ ပြန်ပေါက်တယ်။ အတိုက်အခိုက် ကြုံနေရတဲ့ အချိန်မှာ ရွက်လှေမ သီချင်းက အန်တီအတွက် ခွန်အားပါပဲ။ အဲဒီသီချင်းဆိုပြီးတဲ့နောက် စင်ပေါ်ရောက်တာနဲ့ မိုင်ဟာမိုင်ပါပဲ။ ဘယ်သူပဲ တိုက်ခိုက်တိုက်ခိုက် မဖြုံတော့ဘူး”လို့ မိုင်ကပြောပါတယ်။ “ပုံဗမာနှိုင်းလို့ပြောရရင် ငါဟာရွက်လှေငယ် ငါမျှော်မှန်းတဲ့ခရီးပန်းတိုင် ငါအရောက်အောင် ကြံနေ။ ရေဆန်ကိုသွားတတ်တဲ့ရွက်လှေ ငါဟာအတုယူပါတယ်။ ရေဆန်ကိုသွားတတ်တဲ့ရွက်လှေ ငါမြတ်နိုးပါတယ်။ ကြားစကားနဲ့ အတိုက်အခိုက်များက ဗေဒါဒိုက်တွေပါ။ ဘေးစကားနဲ့ အတိုက်ခိုက်တွေက မရေရာ အမှိုက်တွေပါ”။ မိုင်က သူအကြိုက်ဆုံး သီချင်းဖြစ်တဲ့ ရွက်လှေမ ကို ဆိုပြခဲ့ပါတယ်။ “မလွမ်းပို” တေးသီချင်းတွေနဲ့ နာမည်ကြော်ကြားခဲ့တဲ့ မိုင်ဟာ အခုဆိုရင် သူ့နေရာကို မျိုးဆက်သစ် “မလွမ်းပို”က ယူသွားပြီလို့ ရယ်ကာ ပြောပါတယ်။ “အဲ့ဒီသူက အန်တီ့နေရာကို ယူသွားပါပြီ။ အန်တီ အနုပညာ သက်တမ်းတလျှေက်မှာ သွားခဲ့တဲ့ ခရီးတော်တော်များများမှာ အန်တီကို မလွမ်းပိုလို့ပဲ ခေါ်ကြတယ်။ မလွမ်းပို ပါလား သူဘယ်မှာလဲ အဲလိုလိုက်မေးပြီး လိမ္မော်သီးထုပ် ဇီးထုပ်တွေပေးကြတယ်။ အခုက သူတို့ရှာတာ မိုင် မဟုတ်တော့ဘူး။ မလွမ်းပို အသစ်ကိုပဲ ရှာနေတာတွေ့တော့ ပီတိမျက်ရည် ကျမိပါတယ်”လို့ မိုင်က သူ့သမီးဖြစ်သူ အကြောင်းကို ပြောပြခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ အနုပညာခရီးအစကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ရောင်စဉ်လှိုင်း တေးဂီတနဲ့ ဒိုက်ဦးတန်ဆောင်တိုင်ပွဲ သွားဆိုတုန်းက သမီးလေးရဲ့ ပထမဆုံး သီဆိုရတဲ့ပွဲလေ။ ဆိုစရာသီချင်းက မရှိဘူး။ ပွဲစီစဉ်သူကလည်း အန်တီ့ သီချင်းကို ဆိုင်ခိုင်းပါလား သူမှားရင် အန်တီက ၀င်ထောက်ပေါ့တဲ့။ သူရပါ့မလား အရှက်ကွဲမှာစိုးလို့ စိတ်ပူပေးတာပေါ့။ ကားပေါ်မှာတုန်းက ကက်ဆက်နဲ့ သူ့ကို နားထောင်ခိုင်းတဲ့ သီချင်းလေးကို သူတက်ဆိုလိုက်တယ်။ တန်ဆောင်တိုင်ဆိုတော့ လူတွေကလည်း တကွင်းလုံးပြည့်။ သူဆိုတာနဲ့ မလွမ်းပို လွမ်းပို မလွမ်းပို လိုက်ဆိုကြတာ ကိုယ့်မှာ ထောက်ပေးစရာတောင် မလိုတော့ဘူး။ သူစင်ပေါ်က ဆင်းလာတော့ မျက်လုံးပြူး သွားတယ်။ အမေ့သီချင်းကို ဒီလူငယ်တွေ ဘယ်လိုလုပ်ပြီး သိတာလဲမေးပြီး။ အဲဒီ အချိန်ကနေစပြီး မလွမ်းပိုအသစ် ပေါ်လာတော့တာပဲ”လို့ မိုင်က သမီးဖြစ်သူရဲ့ အကြောင်းကို ပြောပါတယ်။ မလွမ်းပို သီချင်းတွေနဲ့အတူ အောင်မြင်ကျော်ကြားလာတဲ့ မိုင်ဟာ အခုဆိုရင် သူမရဲ့ အနုပညာအမွေတွေကို သမီးဖြစ်သူ ရတနာမိုင်က လက်ဆင့်ကားလို့ အနုပညာလောကပေါ် လျှောက်လှမ်းနေပါပြီ။ (ရတနာမိုင်ရဲ့ အနုပညာခရီး ဆက်လက် တင်ဆက်ပေးပါမည်။) {မသီတာ (DVB) TV အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ အကြောင်းအရာများကို ထူးထူး ပြန်လည် ရေးသားသည်။}
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024