Home
မြန်မာသတင်း
ကာတွန်းဆရာများ၏လက်ရာများပေါ် အမုန်းစကားအစားထိုးဖန်တီးမှုများကို အရေးယူမည်
DVB
·
August 6, 2017
ကာတွန်းဆရာတွေ ရေးဆွဲထားတဲ့ လက်ရာတွေကို အမုန်းစကားတွေ အစားထိုး အသုံးပြုတာ၊ အသုံးချတာတွေ ရှိနေပြီး မပြုလုပ်ကြဖို့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းက တားမြစ်လိုက်ပါတယ်။ စာနယ်ဇင်းတွေ၊ Online Media တွေမှာ ရေးဆွဲဖော်ပြထားတဲ့ လက်ရာတွေကို သက်ဆိုင်ရာ မူရင်းကာတွန်းဆရာတွေရဲ့ ခွင့်ပြုချက်မရှိဘဲ နည်းအမျိုးမျိုးနဲ့ ခိုးယူ အသုံးချဖော်ပြတာ၊ စီးပွားရေးအတွက် ကူးယူဖော်ပြတာ၊ ကလောင်အမည် ပြောင်းလဲ အသုံးပြုတာတွေ မလုပ်ဖို့ကိုလည်း အသင်းရဲ့ ကိုယ်စားရှေ့နေတွေက ကြေညာလိုက်ပါတယ်။ “နာမည်တော့ မပြောချင်ဘူး။ သိပ်မကြာခင်ကပဲ အထက်မြန်မာပြည်က ရဟန်းတပါးက ကာတွန်းတကွက်မှာ အမုန်းစကားနဲ့ စာသားပြောင်းလဲထားတာကို သူ့ရဲ့ အွန်လိုင်းမှာ မျှဝေဖူးတယ်။ အကောင့်အတုတွေမှာလည်း ကာတွန်းဆရာတွေ ကိုယ်တိုင်ပြောသယောင် အမုန်းစကားတွေ အစားထိုးပြီး ဖော်ပြလာတာတွေ ရှိတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ ဒီလို လုပ်ဆောင်တာတွေအတွက် ပြစ်မှု ဥပဒေတွေ၊ တရားမဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း သူက ဆိုပါတယ်။ “ကာတွန်းဆရာတွေမှာ စီးပွားရေးအရ ဆုံးရှုံးတယ်။ ကျင့်ဝတ်သိက္ခာအရ နစ်နာတယ်။ မူပိုင်ခွင့် ချိုးဖောက်ခံရတယ်။ ဒါတွေအပေါ်မှာ လက်ရှိတည်ဆဲ ဥပဒေတွေနဲ့ အရေးယူလို့ ရပါတယ်” လို့ ရှေ့နေ ဦးအောင်စိုးက ပြောပါတယ်။ ကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ စိုးသော်တာက “ကာတွန်းတွေကို အဲလို စာသား အစားထိုးပြီး တင်လာတာ တော်တော်များများတယ်။ လူအများစုက ဒါကို သဘောပေါက်ကြတယ် လို့ ထင်ပေမယ့် များလာတော့ အခုလို ဥပဒေအရ လုပ်သင့်နေပြီ။ ကာတွန်းတခုတည်းမှ မဟုတ်ပါဘူး။ အနုပညာပစ္စည်းမှန်သမျှက မူရင်းဖန်တီးသူပဲ ပိုင်တယ်လို့ သိထားပါတယ်” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024