ဂျာမန်စူပါဖလားပြိုင်ပွဲတွင် ဘိုင်ယန်က ဒေါ့မွန်ကို ပယ်နယ်တီအဆုံးဖြတ်ဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်စူပါဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။ ဂျာမန်စူပါဖလားပြိုင်ပွဲဟာ ဘွန်ဒတ်စ်လီဂါ ချန်ပီယံနဲ့ ဂျာမန်ဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၂ မိနစ်လောက်မှာ ပူလစ်ဆစ်က ဒေါ့မွန်အတွက် သွင်းယူပါတယ်။ နောက်ထပ် ၆ မိနစ်လောက်မှာပဲ ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိင်သွားပါတယ်။ ဒေါ့မွန်အတွက် ဒုတိယဦးဆောင်ဂိုးကို ၇၁ မိနစ်မှာ တိုက်စစ်မှူး အာဘာမီယန်း သွင်းယူပါတယ်။ ဘိုင်ယန်အတွက် ချေပဂိုးကို ၈၈ မိနစ်မှာ တဖက်နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားပါတယ်။ ၂ ဂိုးစီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဘိုင်ယန်က ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ ဂျာမန်စူပါဖလားကို ၇ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

More News
Up