ရာသီတုပ်ကွေး A(H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၁၅ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအရ သြဂုတ် ၃ ရက်နေ့မွန်းလွဲပိုင်းအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၃၅၆ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၁၃၆ ယောက်ရှိပါတယ်။
ဒါကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူတွေထဲမှာ သေဆုံးမှုနှုန်းမှာ ၄.၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက်အရွယ်အပိုင်း အခြားအရ အသက် ၅ နှစ်အောက် ၂ ယောက်၊ အသက် ၅ နှစ်ကနေ ၁၂ နှစ် ကြားမှာ ၂ ယောက်နဲ့ အသက် ၁၃ နှစ်ကနေ ၆၅ နှစ်ကြားမှာ ၁၁ ယောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၂၉ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၃၂ ယောက်၊ စုစုပေါင်း ၆၁ ယောက် ဆက်လက် ဆေးဝါးကုသမှုခံယူနေပါတယ်။ အများစုက သက်သာနေပြီ မကြာခင် ဆေးရုံဆင်းနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
ရာသီတုပ်ကွေးဆန်သော လက္ခဏာတွေ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။