အိတ်ခ်ျအိုင်ဗွီ အသက်ကယ်ဆေးတွေကို ၅၆ ဆအထိ ဈေးမြှင့်ခဲ့လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်သူဌေး မာတင်ရှကရီလီကို စီးပွါးရေး ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ လိမ်လည်မှုအပါအဝင် အမှု ၃ မှုနဲ့ တရားစွဲဆိုလိုပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရနိုင်တယ်လို့ မေရာသတင်းမှာ သြဂုတ် ၄ ရက်နေ့က ဖော်ပြထားပါတယ်။
မာတင်ရှကရီလီ အသက် ၃၄ နှစ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ အိတ်ခ်ျအိုင်ဗွီအသက်ကယ်ဆေးတွေကို (၁ လုံး ၁၃ ဒသမ ၅ ဒေါ်လာကနေ ၇၅၀ ဒေါ်လာ) ၅၆ ဆအထိ ဈေးမြှင့်ခဲ့လို့ လူသိများလာခဲ့တယ်လို့ ဆိုပါတယ်။
စီးပွားရေး ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ လိမ်လည်မှုနဲ့ ဆက်စပ်ပြီး တပတ်ကြာ တရားရင်ဆိုင်မှုအတွင်း သူရင်ဆိုင်နေရတဲ့ အမှု ၈ မှုထဲမှာ ၃ မှုကို ကျူးလွန်ခဲ့တယ်လို့ သြဂုတ်လ ၄ ရက်နေ့မှာ အမေရိကန်ဖက်ဒရယ် တရားသူကြီးတွေက စီရင်ချက်ချမှတ်လိုက်ပါတယ်။
ရှကရီလီအနေနဲ့ ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခံရနိုင်တယ်ဆိုပေမယ့် သူကတော့ ထောင်ထဲမှာ အကြာကြီးနေရမယ်လို့ မျှော်လင့်ထားပုံ မရဘူးလို့ ဆိုပါတယ်။
ရှကရီလီ အပြစ်ရှိတယ်လို့ စွဲဆိုခံထားရတဲ့ အမှုတွေက စီးပွားရေး ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ လိမ်လည်မှုအား လျှို့ဝှက်ပူးပေါင်းကြံစည်မှု တမှုနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ လိမ်လည်မှု နှစ်မှုလို့ သိရပါတယ်။
ရှကရီလီက သူ့ရဲ့ငွေကြေးအရင်းနှီးတွေကို လုပ်ဆောင်မှုနဲ့ ရင်းမြှုပ်နှံသူတွေရဲ့ ငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်ခဲ့သလို သူ့ရဲ့ပညာရေးနဲ့ ယခင်အလုပ်အကိုင်ကိုလည်း လိမ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောဆိုလိုက်ပါတယ်။
သူက ရင်းနှီးမြှုပ်နှံနိုင်ခြေရှိသူတွေကို သူက ဒေါ်လာ သန်း ၁၀၀ လောက်ကို စီမံခန့်ခွဲနေကြောင်း ပြောခဲ့ပေမယ့် အမှန်က သူ့မှာ ဘယ်တုန်းကမှ အရင်း ဒေါ်လာ ၃ သန်းထက် ပိုမရှိခဲ့ကြောင်း တရားရုံးမှာ ကြားနာခဲ့တယ်လို့ ဘလူးမ်ဘာ့ဂ်ကသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရှကရီလီက ရုံးတော်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သက်သေ မခေါ်ဆိုခဲ့သလို ဘာသက်သေမှလည်း မတင်ပြခဲ့ဘူးလို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ မက်ဟန်တန်မြို့ တိုက်ခန်းမှာ နေထိုင်တဲ့ ရှကရီလီကို အမှု ၃ မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးနောက် ရုံးတော်မှာ ထွက်ခွာခွင့်ပြုပြီး ထောင်ဒဏ် ချမှတ်မယ့် နေ့ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။
တရားရင်ဆိုင်နေရစဉ်အတွင်း လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွီတာစာမျက်နှာတွေပေါ်မှာ သူ့နေထိုင်မှု ဘဝ ပုံစံတွေကို အဆက်မပြတ်တင်သလို အမှုနဲ့ပတ်သက်ပြီး အာပေါင်အာရင်းသန်သန် ပြောလို့ ရှကရီလီ နာမည်ကြီးလာခဲ့ပါတယ်။
အခုအမှုတွေက အိတ်ခ်ျအိုင်ဗီဆေးတွေကို ဈေးမြှင့်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်မှုနဲ့ မသက်ဆိုင်ပေမယ့်လည်း သူ့အမှု မစခင်ကတည်းက သူ့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားမှုကို တရားသူကြီးတွေက စစ်ဆေး တွေ့ရှိထားတာလို့ ဖော်ပြထားပါတယ်။