Home
မြန်မာသတင်း
မြစ်ဆုံအနီးက တန်ဖဲရွာသားများကို ပြန်လည်ပြောင်းရွှေ့ခိုင်း
ရွှေအောင်
·
March 7, 2012
ကချင်ပြည်နယ်၊ မြစ်ဆုံအနီးက တန်ဖဲရွာမှာ လက်ရှိ နေထိုင်နေကြတဲ့ ရွာသူ ရွာသား ၃၀ ကို မတ် ၁၇ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးကြဖို့ မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူးက  ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းပါတယ်။ အေးရှားဝေါလ်ကုမ္ပဏီက ရွာသားများကို လျော်ကြေး ပေးထားပြီး ဖြစ်တဲ့အတွက်  မပြောင်းဘဲ ဆက် နေထိုင် နေတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ခရိုင်ရုံးက ရှင်းပြပြီး လက်မှတ်ထိုးခိုင်းတာလို့  တန်ဖဲရွာသား တဦးက ပြောပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း မြေနေရာနဲ့ မလွတ်တဲ့အတွက် တန်ဖဲရွာ အပါအ၀င် ကျေးရွာတချို့ဟာ အောင်မြင်သာ ရွာသစ်ကို ပြောင်းရွှေ့ခဲ့ရပြီးနောက်  မြစ်ဆုံစီမံကိန်း ရပ်နားထားမယ် ဆိုတဲ့ သမတမိန့်ခွန်း ထွက်ပေါ်လာတဲ့အတွက် တန်ဖဲရွာသားတချို့ နေရင်းရွာကို ပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ ပြောင်းရွှေ့ ခံရွာသားတွေရဲ့ အခက်အခဲကို ရွာသားတဦးက သည်လို ပြောပြပါတယ်။ “အခက်အခဲက စားဝတ်နေရေးပဲ အဓိကရှိနေလို့ အခုလို  တန်ဖဲမှာ လာပြီးတော့ ကျနော်တို့ တောင်ယာလေး ခြံလေး လုပ်ပြီးမှ ဝမ်းစာရေးအတွက် လုပ်ကိုင်စားသောက် နေရတယ်ဆိုတော့။ ကျနော်တို့ အခု တန်ဖဲမှာလည်း မနေရတော့ဘူးဆိုတော့ ပိုပြီးမှ ဒုက္ခရောက်တာပေါ့။ ပြောချင်တာကတော့ နိုင်ငံတော်အနေနဲ့ ကျနော်တို့ ဒေသခံတွေကို တန်ဖဲမှာ လုပ်စားခွင့်ပေးပေါ့။ သနားညှာတာတဲ့ စိတ်နဲ့ ကျနော်တို့ ဒေသခံတွေကို တန်ဖဲမှာ လုပ်စားခွင့်တော့ ခွင့်ပြုပေးဖို့ကို တောင်းဆိုချင်တာပါ။” တန်ဖဲရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ ပြီးခဲ့တဲ့နှစ် မတ်လကထဲက အောင်မြင်သာ ရွာသစ်ကို ပြောင်းရွှေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ တန်ဖဲရွာသားတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့ နေ့မှာပဲ ပြီးခဲ့တဲ့လက ကချင်ပြည်နယ်၊ မြစ်ဆုံ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြစ်ဆုံကျေးဇူးပဲ့တင်သံ အခမ်းအနားကို ပွဲမိန့် မယူဘဲ ပြုလုပ်ခဲ့တဲ့ အတွက် ပွဲစီစဉ်တဲ့ ရပ်မိရပ်ဖ ၅ ဦး ကို ခရိုင်ရုံးက ခေါ်ယူ သတိပေးလိုက် ပါတယ်။ ဒီပွဲကို ဦးဆောင် ကျင်းပတဲ့သူတွေဟာ တန်ဖဲရွာသားတွေ ရွာကနေ မပြောင်းရွှေ့ဖို့ လှုံဆော်ခဲ့ကြတယ်လို့ သက်ဆိုင်ရာက သံသယရှိနေတဲ့ အကြောင်း ရပ်မိရပ်ဖတဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ရက်က ပြုလုပ်ခဲ့တဲ့ မြစ်ဆုံကျေးဇူးပဲ့တင်သံပွဲကို ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင်တွေနဲ့ ဒေသခံ ကျေးရွာသားတွေ တက်ရောက်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသခံတွေ နေထိုင်ရေး ကိစ္စတွေ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024