လျှောက်လမ်းစင်မြင့်ထက် အဝလွန်မော်ဒယ်များ ပါဝင်လာမှု အငြင်းပွားဖွယ်ဖြစ်နေ

ဓာတ်ပုံ - Getty Images
သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ Sport Illustrated ရေကူးအားကစားဝတ်စုံဝတ် ရှိုးပွဲတခုမှာ အဝလွန်မော်ဒယ်တွေကိုပါ အသုံးပြုထားတာမို့ လက်ရှိအချိန်မှာတော့ ဒါဟာ ငြင်းခုံဖွယ် ပြဿနာတခု ဖြစ်လာနေပါတယ်။ ဆစ်ဒနီအခြေစိုက် ဒေးလီးတယ်လီဂရပ်ဖ် သတင်းတပုဒ်မှာတော့ ခုလို အဝလွန် မော်ဒယ်တွေ အသုံးပြုမှုကို မသင့်တော်တဲ့ အခြေအနေတခုအဖြစ် ဝေဖန်ရေးသားခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ အန္တရာယ်ရှိတဲ့ ဖိတ်ခေါ်မှုတခုလို့ ပြောခဲ့ကြတာပါ။ ဒါပေမယ့် တချို့ကလည်း ခုလို လျှောက်လမ်းစင်မြင့်တွေပေါ်က မော်ဒယ်မိန်းကလေးတွေဟာ ခန္ဓာကိုယ် အရွယ်စုံ၊ ဆိုက်စုံကို ကိုယ်စားပြုတာမျိုး ဖြစ်သင့်တယ်လို့ ပြောပါတယ်။ ဒေသတွင်း ရုပ်မြင်သံကြား အစီအစဉ်တခုမှာတော့ Sport Illustrated မှ အယ်ဒီတာ အမ်ဂျေဒေးက “ကျမတို့အနေနဲ့ အလှအပဆိုတာ တဦးတယောက်တည်းကို ကိုယ်စားပြုလို့ မရပါဘူးလို့ အပြုသဘောဆန်ဆန် ထုတ်ပြန်ချင်ပါတယ်” လို့ ပြောခဲ့တာပါ။ ၾသစောတးလ် ဆေးပညာရှင်များအသင်းမှ ဒေါက်တာ ဘရက်ဒ် ဖရန်ကွမ်ကတော့ ဒါဟာ စံပြတခုဖြစ်တဲ့အတွက် မဖြစ်သင့်ဘူးဆိုတဲ့ အမြင်ကို ခုလိုပြောခဲ့ပါတယ်။ “တယောက်ယောက်က လျှောက်လမ်းစင်မြင့်ပေါ်မှာ စီးကရက်သောက်ပြတယ်ဆိုရင် ဒါကို အရေးတကြီး သတိပေးရမှာပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မက်ဆေ့ခ်ျဖြစ်နေလို့ပါပဲ။” လက်ရှိမှာတော့ အမြင်မတူသူတွေကြားက ခုလို အဝလွန်မော်ဒယ်တွေ ပါဝင်လာမှုဟာ ပြင်းထန်တဲ့ အငြင်းအခုံတခုအသွင် ဖြစ်လာနေပါတယ်။ အခုပါဝင်တဲ့ အဝလွန်မိန်းကလေး မော်ဒယ်တွေရဲ့ ခန္ဓာကိုယ်အလေးချိန် အချိုးအဆဟာ ခန္ဓာကိုယ်အလေးချိန် အညွှန်းကိန်း (BMI) ၂၅ နဲ့ ၃၀ ကြား ရှိရမယ်ဆိုတဲ့ ကျန်းမာတဲ့ အညွှန်းကိန်းကနေ သွေဖည်နေတယ်လို့ ဆိုပါတယ်။ မဲလ်ဘုန်းဖက်ရှင်သီတင်းပတ်ရဲ့ နာမည်ကျော်မော်ဒယ် စတက်ဖနီယာ ဖရာရီယိုက ဖက်ရှင်လုပ်ငန်းခွင်အနေနဲ့ ဒါကို ပစ်မှတ်ထား လုပ်ဆောင်လာတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။ “ကျမအနေနဲ့ အရွယ်အစားနဲ့ ပုံသဏ္ဌာန်အမျိုးမျိုးရှိသူတွေ အားလုံးရဲ့ မတူကွဲပြားမှုတွေအပေါ် ကိုယ်စားပြုနေတာပါပဲ။ ဒါပေမယ့် ဒီလိုမျိုး (အဝလွန်မော်ဒယ်တွေ) အသုံးပြု ပါဝင်လာတာမျိုးကတော့ လျှောက်လမ်းစင်မြင့်ပေါ်မှာ မသင့်တော်ပါဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up