ဘီကီနီဝတ် အမျိုးသမီး ၂ ဦး ပင်လယ်ထဲ Paddle boat လှော်နေတုန်း ငါးမန်းဖြူကြီး ၅ ကောင် ဝိုင်းလာတဲ့အချိန်တခဏကို အံ့သြဖွယ်ရာ ရုပ်သံထဲမှာ မြင်ရပါတယ်။
ဒီရုပ်သံကို အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းခြေတခုမှာ ရိုက်ကူးထားတာဖြစ်ပြီး မိနစ်အနည်းငယ်ကြာ ငါးမန်းကြီးတွေ အနားကပ်လာပေမယ့် ကယ်လီနဲ့ ဂျက်ဆီကာတို့ ၂ ဦး တည်တည်ငြိမ်ငြိမ်နဲ့ လှော်နေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
လူသားနဲ့ ငါးမန်းတွေရဲ့ ဆက်ဆံရေးဆိုတဲ့ မှတ်တမ်းရုပ်ရှင် တစိတ်တပိုင်းအနေနဲ့ ဒီထူးခြားတဲ့ အချိန်တခဏကို မာ့က်ရိုင်နောဗ်နဲ့ ဖောရက်စ်ဂလန့်တို့က ဒရုန်းယာဉ်နဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။
ရှစ်ပေအရှည်ရှိတဲ့ ငါးမန်းကြီး ၅ ကောင် သူတို့ကို ဝန်းရံလာပြီး တွေ့ဆုံနေချိန်မှာ ကယ်လီနဲ့ ဂျက်ဆီကာက အေးအေးဆေးဆေးနဲ့ လှော်ခတ်သွားခဲ့တာပါ။
“ကျမတသက်မှာ အဖြူရောင်ငါးမန်းကြီးတွေကို သဘာဝအတိုင်းနဲ့ ဒီလို နီးနီးကပ်ကပ်တွေ့တာ ခုတကြိမ်ပဲ ရှိသေးတယ်။ ငါးမန်းကြီးတွေက ကျမလှော်နေတဲ့ Paddle boat နား ကပ်လာတော့ သူတို့ရဲ့အရောင်၊ ဆူးတောင်တွေနဲ့ ပါးဟပ်တွေကို သေချာမြင်ရတယ်” လို့ ကယ်လီက ပြောပါတယ်။
သဘာဝတောရိုင်းတိရစ္ဆာန် ကင်မရာသမားတဦးဖြစ်တဲ့ မာ့က်က “ကျနော်နဲ့ ကျနော့်သူငယ်ချင်း ဖောရက်စ် မှတ်တမ်းရုပ်သံကို ရိုက်ကူးရင်း စိတ်ကူးပေါ်လာပြီး သူ့ဇနီး ဂျက်ဆီကာနဲ့ ကျနော့်သူငယ်ချင်း ကယ်လီတို့ကို ငါးမန်းတွေနဲ့အတူ Paddle boat လှော်ဖို့ ပြောလိုက်တာပါ။ ငါးမန်းတွေဆိုတာ ကြောက်စရာ သတ္တဝါကြီးတွေပဲ မဟုတ်ဘူးဆိုတာကို ပြချင်တာပါ” လို့ ပြောပါတယ်။
“ဒီအတွေ့အကြုံက တကယ့်အံမခန်း စေ့ဆော်မှုပါ။ ပြီးတော့ ဒီလိုသတ္တဝါကြီးတွေကို သဘာဝအခြေအနေမှာ တွေ့ရတာက ဘဝမှာ တကြိမ်တခါသာ ကြုံရတဲ့ အခိုက်အတန့်ပါ။ စိတ်လှုပ်ရှားလွန်းလို့ ကျနော့်လက်တွေနဲ့ ဒူးတွေ တုန်နေတာကို သတိထားမိတယ်” လို့ မာ့က်က ပြောပါတယ်။
“ကျနော်တို့က ငါးမန်းတွေကို ဘယ်တော့မှ ချဉ်းကပ်တာ၊ အနှောင့်အယှက်ပြုတာ မလုပ်ဘူး။ ငါးမန်းတွေ Paddle boat နား ကူးလာတာကို အနီးကပ်ကြည့်ရုံလေးပါ” လို့ သဘာဝတောရိုင်းတိရစ္ဆာန် ကင်မရာသမားတဦးဖြစ်တဲ့ မာ့က်က ပြောကြောင်း မေရာသတင်းမှာ သြဂုတ် ၃ ရက်နေ့က ဖော်ပြထားပါတယ်။