Home
မြန်မာသတင်း
သထုံမြို့တွင် ရဲတပ်ဖွဲ့ဝင်တဦး ဓားထိုးခံရ၍ သေဆုံး
DVB
·
August 4, 2017
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ပီတိစတိုးဆိုင်ရှေ့မှာ သြဂုတ် ၃ ရက် ည ၁၀ နာရီခွဲလောက်က ရဲတပ်ဖွဲ့ဝင်တဦး ဓားထိုခံရပြီး သေဆုံးခဲ့တယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ သထုံမြို့မရဲစခန်းက ရဲတပ်သား ချစ်မိုးဦးဟာ ညီအစ်ကိုဝမ်းကွဲတွေနဲ့ လက်ဖက်ရည်သောက်ပြီး စခန်းကို ဆိုင်ကယ်နဲ့ ပြန်လာချိန် ရွှေစာရံဘုရားအနီး လူငယ် ၃ ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ချင်းယှဉ်မောင်းမိပြီး စကားများခဲ့တယ်လို့ဆိုပါတယ်။ ပီတိစတိုးဆိုင်အရှေ့အရောက်မှာတော့ လူငယ် ၃ ဦးစီးလာတဲ့ ဆိုင်ကယ်က ရဲတပ်သားချစ်မိုးဦးတို့ ဆိုင်ကယ်ရှေ့မှပိတ်ရပ်ပြီး ဆိုင်ကယ်ပေါ်ပါလူငယ်တဦးက အရိုး ၅ လက်မ၊ အသွား ၄ လက်မခွဲခန့်ရှိ အမဲရောင်ခေါက်ဓားနဲ့ ထိုးခဲ့ရာ ရဲတပ်သားချစ်မိုးဦးဟာ ဝဲဘက်နံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သထုံဆေးရုံပို့ဆောင်ကုသခဲ့ရာမှာ သေဆုံးသွားတာလို့ ရဲစခန်းက ပြောပါတယ်။ သထုံမြို့မရဲစခန်းကတာဝန်ရှိသူတဦးက “သူက မနေ့ကရုံးထုတ်မှာ လုံခြုံရေး တာဝန်ကျပြီးလို့ ညပိုင်းသူ့အိမ်ကို ထမင်းပြန်စားတာပါ။ ထမင်းစားပြန်ပြီး စခန်းကိုပြန်လာတော့ လမ်းမှာလူငယ် ၃ ဦးစီးလာတဲ့ ဆိုင်ကယ်နဲ့ စကားများရာကနေ ခုလိုဖြစ်ခဲ့ကြတာပါ။ အပြစ်ကျူးလွန်ခဲ့တဲ့ လူငယ် ၃ ဦးကို အမြန်ဆုံးဖမ်းဆီးရမိဖို့အတွက် အဖွဲ့ခွဲပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။ ဓားနဲ့ထိုးသွားတဲ့ လူငယ် ၃ ဦးကို သထုံမြို့မရဲစခန်းက (ပ)၇၇၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ထားကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024