Home
မြန်မာသတင်း
ဘားအံမြို့က အေ​ခြခံပညာ၂၅ ​ကျောင်းကို A(H1N1) ​အသိပညာ​ပေး
DVB
·
August 3, 2017
ဘားအံမြို့အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၂၅ ကျောင်းက ကျောင်းသား ကျောင်းသူတွေကို ဒီနေ့မနက် ၁၀ နာရီက ရာသီပေါ်တုပ်ကွေး A(H1N1) ရောဂါအကြောင်း အသိပညာပေး နှိုးဆော်လှုပ်ရှားမှုကို ပရဟိတလူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ဆောင်ရွက်ခဲ့ပါတယ်။ ရာသီပေါ်တုပ်ကွေး A(H1N1) ရောဂါကာကွယ်ဖို့ နည်းလမ်းတွေကို သိထားပြီး ဆောင်ရွက်မယ်ဆိုရင် ဖြစ်ပွားမှု အတိုင်းအတာတခုအထိ လျော့ချနိုင်ဖို့အတွက် အသိပညာပေး နှိုးဆော်လှုပ်ရှားမှု ဆောင်ရွက်ရတာလို့ သိရပါတယ်။ ဦးဆောင် လှုပ်ရှားသူ ကိုဖြိုးဝေဆက်က “ကျနော်တို့ အဓိက ဒီနေလုပ်တာက ခုနကပြောသလိုပေါ့။ လတ်တလောမှာ အထောက်အပံ့ပစ္စည်းအနေနဲ့ Mask၊ ကျန်းမာရေးဆပ်ပြာ၊ လက်ကမ်းစာစောင်ဝေငှတာ လုံလောက်မှုမရှိပါဘူး။ ကာကွယ်ဖို့ နည်းလမ်းတွေကို သိသွားဖို့ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အဓိကကတော့ ဒီရောဂါက ဘားအံမြို့ကို ရောက်လာခဲ့တာမျိုး ပြန့်ပွားတာမျိုးမဖြစ်ဖို့အတွက် ကာကွယ်ဖို့ နည်းလမ်းတွေ အဓိကဝေမျှတဲ့ သဘောပါ။ ပစ္စည်းကတော့ လုံလောက်မှုမရှိပါဘူး” လို့ ပြောပါတယ်။ ၁၀ ကျောင်းသား မောင်ဝဏ္ဏကျော်က “ကျောင်းတွေမှာတော့ ဒီတုပ်ကွေးအကြောင်းတွေ ပြောဘူးပါတယ်။ အဲဒီမှာ တုပ်ကွေးဖြစ်တာပေါ့။ ဖျားမယ်။ နှာယိုမယ်။ နှုတ်ခမ်းတွေပါ ခြောက်မယ်။ အဲလိုဖြစ်ပြီးရင် တုပ်ကွေး၊ တုပ်ကွေးဖြစ်ပြီးဆိုရင် နီးစပ်ရာဆရာဝန်နဲ့ သွားပြရမယ်ပေါ့။ အခြားဒေသတွေမှာ ဖြစ်နေပါတယ်။ ကရင်ပြည်နယ်မှာတော့ မဖြစ်ဘူးလို့ ကြားပါတယ်” လို့ ပြောပါတယ်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်ဖော့မူက “ဘယ်လိုရှောင်ရမယ်။ ဘယ်လိုကာကွယ်ရမယ် တယောက်နဲ့ တယောက်အိမ်မှာပြန်ပြီးတော့ မိသားစုကိုပေါ့။ အိမ်နီးချင်းကို ပြန်ဖြန့်ဝေပေးဖို့ အဲဒါတွေ ပြောဖူးပါတယ်။ ကျေနပ်ပါတယ်။ ပိုပြီးတော့လည်း ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါဆောင်ပါဝင်တဲ့ အတွက်လည်း ကျမတို့ ကျေနပ်တယ်” လို့ ပြောပါတယ်။ အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ လှုပ်ရှားမှုကို ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာ၊ ပရဟိတလူငယ်တွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ မြို့ခံပြည်သူ အင်အား ၈၅ ဦးက မြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းကို Mask ၃၅၀၀ ခု၊ လက်ကမ်းစာစောင် ၃၅၀၀၀ ရွက်၊ ကျန်းမာရေးဆပ်ပြာ ၃၀၀၀ ခဲကို ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဝေငှခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ H1N1 ရောဂါဖြစ်ပွားသူ ၉၉ ဦးရှိပြီး သေဆုံးသူ ၁၃ ဦး ရှိသွားပြီးဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပြီး ကရင်ပြည်နယ်မှာ အဆိုပါရောဂါ ဖြစ်ပွားမှု မရှိသေးဘူးလို့ သိရပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024