Home
မြန်မာသတင်း
မေယုတောင်ပေါ်တွင် ပစ်ခတ်ခံရ၍ ၂ ဦး သေဆုံး၊ အမျိုးသမီး ၄ ဦး ပျောက်ဆုံး
DVB
·
August 3, 2017
ဩဂုတ်လ ၃ ရက် မနက်ပိုင်းက မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီးမြိုရွာက ရွာသားတချို့ မေယုတောင်ပေါ်မှာ ပစ်ခတ်ခံရပြီး အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး ပျောက်ဆုံးနေပါတယ်။ “ဒီနေ့ မနက် ၈ နာရီကျော်လောက်က ကိုင်းကြီးမြိုရွာဘက်မှာ ပစ်ခတ်သံကြားတယ်လို့ သတင်းရတယ်။ အခု နေ့ခင်းပိုင်းမှာ အလောင်း ၂ လောင်းရပြီး မိန်းမ ၄ ယောက် ပျောက်နေတယ်။ အခု ကျနော်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အကူအညီပေးဖို့ လုပ်နေပြီ။ တပ်ကလည်း အဲဒီနေရာကို သွားရှင်းနေပါပြီ။ ဘယ်လိုဖြစ်လဲဆိုတာ အတိအကျတော့ မသိရသေးဘူး” လို့ သွားရောက်ကူညီနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဒီဗွီဘီကို ပြောပါတယ်။ ပစ်ခတ်ခံရတဲ့အတွက် ၂၅ နှစ်အရွယ် ကုန်ဝိုင်း နဲ့ လင်းကြက်တို့ ၂ ဦး သေဆုံးခဲ့ပြီး မရီ၊ မဆိန်ရာ ၃၈ နှစ်၊ မထုမ်ဝေ ၂၁ နှစ်၊ မတုမ်ကော ၂၅ နှစ် စတဲ့ အမျိုးသမီး ၄ ဦးကို တပ်မတော် နယ်ခြားစောင့်ရဲက ရှာဖွေနေဆဲလို့ သိရပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေဟာ ကိုင်းကြီးမြိုရွာကဖြစ်ပြီး မေယုတောင်ပေါ်မှာ ကိုင်းကြီးချောင်းဖျားမှာ တောင်ယာလုပ်ကိုင်သူတွေလို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေကို တပ်မတော် နယ်ခြားစောင့်ရဲနဲ့ ဒေသခံရွာသားတွေ ပူးပေါင်း ရှာဖွေနေဆဲလို့ သိရပါတယ်။ မေယုတောင်တန်းမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဇူလိုင် ၂၇ ရက်နေ့က ခရုရှာသွားတဲ့ ချွတ်ပြင် ရွာသားတယောက်လည်း ပျောက်ဆုံးနေပါတယ်။ သူ့ကိုလိုက်ရှာတဲ့ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ပူးပေါင်းအဖွဲ့က အကြမ်းဖက်သမားတွေ ခိုအောင်းခဲ့တဲ့စခန်းနဲ့ စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လအတွင်းကလည်း လိုဏ်ခေါင်းတူးထားတဲ့ အကြမ်းဖက်သင်တန်း စခန်းတခုနဲ့ အကြမ်းဖက်သမား ၂ ဦးကို အသေမိခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ-ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024