Home
မေးမြန်းခန်း
လက်ဆေးခြင်းဟာ နှာခေါင်းစည်းတပ်တာထက် ပိုပြီးထိရောက်တယ် - WHO ဌာနေကိုယ်စားလှယ်
DVB
·
August 3, 2017
အခုလတ်တလော ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူ ၁၀ ဦးကျော် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊ ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်တဲ့ အကြံဉာဏ်၊ အကူအညီ အထောက်အပံ့ ပေးနေတာတွေနဲ့ ပတ်သက်ပြီး WHO ဌာနေကိုယ်စားလှယ် ဒေါက်တာ စတီဖန်ပေါလ်ဂျို့စ် (Stephen Paul Jost) ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - H1N1 နဲ့ ပတ်သက်ပြီး WHO အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းလေ့ရှိလဲဆိုတာ သိပါရစေ။ ဖြေ။ WHO အနေနဲ့ H1N1 နဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ နည်းပညာအကူညီတွေ၊ ဆေးဝါးပစ္စည်းတွေ၊ Anti Virus ဆေးတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ကျန်းမာရေးဝန်ကြီးဌာနကို အထောက်အပံ့ပေးလေ့ရှိပါတယ်။ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း H1N1 နဲ့ ပတ်သက်ပြီး လျှင်လျှင်မြန်မြန် တုံ့ပြန်မှုတွေ၊ ပြင်ဆင်မှုတွေ ပြုလုပ်နေတာတွေကိုလည်း ကျနော်တို့ တွေ့ရှိပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက H1N1 နဲ့ပတ်သက်ပြီး WHO ကို အကြောင်းကြားတယ်။ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ဆောင်ရွက်နေတာတွေကိုလည်း WHO အနေနဲ့ တွေ့ရှိပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အနီးကပ် ပူးပေါင်းပြီး အကူအညီတွေ ဆက်လက်ထောက်ပံ့တာတွေ ပေးသွားမှာဖြစ်ပါတယ်။ မေး - H1N1 နဲ့ ပတ်သက်ပြီးတော့ ကာကွယ်နိုင်တဲ့ပစ္စည်း လက်ရှိ မြန်မာနိုင်ငံမှာ အားနည်းနေတယ်လို့ သိရပါတယ်။ ဘာပစ္စည်းတွေ အထူးလိုအပ်နေတယ်လို့ WHO အနေနဲ့ မြင်ထားလဲ။ ဖြေ - ဒါက ကောင်းတဲ့မေးခွန်းပဲ။ ၁၊ ပြည်သူတွေအနေနဲ့ လက်ကို ဆပ်ပြာနဲ့ ပုံမှန်ဆေးဖို့ပါ။ လက်ကို ပုံမှန်ဆေးခြင်းဖြင့် H1N1 ရာသီတုပ်ကွေးတင်မက ရောဂါပေါင်းများစွာကို ကာကွယ်နိုင်ပါတယ်။ ဒါကတော့ ပထမဆုံး အကြံပေးချက်ပါ။ ဒုတိယကတော့  ရာသီတုပ်ကွေးဟာ လေထဲကနေတဆင့်ကူးတဲ့ ရောဂါဖြစ်တယ်။ လူတွေလည်း နှာခေါင်းစည်းတွေ တပ်ကြတယ်။ ဒါပေမယ့် အကြံပြုလိုတာကတော့ လက်ဆေးခြင်းဟာ နှာခေါင်းစည်းတပ်တာထက် ပိုပြီး ထိရောက်တယ်ဆိုတာ အကြံပေးလိုပါတယ်။ လက်ရှိမှာတော့ ဆေးရုံဆေးပေးခန်းတွေမှာ တပ်တာများပါတယ်။ ပြည်သူတွေအကြားမှာတော့ တပ်တာ အကန့်အသတ် ရှိနေနိုင်ပါတယ်။ မေး - နှာခေါင်းစည်းတပ်တာဟာ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါသလား။ ဖြေ - နှာခေါင်းစည်းအသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်မှာ ရောဂါဖြစ်နေတဲ့ လူတယောက်ကနေပြီးတော့ နှာချေလိုက်တာဖြစ်ဖြစ်၊ ချောင်းဆိုးလိုက်တာဖြစ်ဖြစ်  အမှုန်အမွှားလေးတွေဟာ လေထဲကို ပြန့်သွားနိုင်တယ်လေ။ နှာခေါင်းစည်းတပ်ထားခြင်းဖြင့် ရောဂါရှိတဲ့သူကနေ တခြားလူကို မကူးတော့ဘူးပေါ့။ မေး - ကျနော်တို့ ကြားနေရတာ ကာကွယ်ဆေးတွေမရှိဘူး၊ ကာကွယ်ဆေးတွေ မလောက်ဘူး၊ မြန်မာနိုင်ငံက တချို့နေရာမှာ ရှိတောင်မရှိဘူးဆိုတာတွေ ကြားနေရတာပေါ့နော်။ ဒါကို WHO အနေနဲ့ ဘယ်လိုသိထားလဲ။ ဖြေ - ဆေးမှာ အရေးကြီးတာက ဆေးနဲ့အနာ တည့်ဖို့ပါ။ ဥပမာ တုပ်ကွေးရောဂါနှစ်ခု တူနေမယ်ဆိုရင် ဆေးက ထိရောက်မယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို WHO အနေနဲ့ တကမ္ဘာလုံး အတိုင်းအတာနဲ့ တုပ်ကွေးရောဂါကို ကာကွယ်နိုင်ကြောင်း ထောက်ခံအတည်ပြုထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက လူနာတွေကိုလည်း ဓာတ်ခွဲခန်းမှာ အတည်ပြုပြီဆိုရင် နာမူနာတွေကို နိုင်ငံခြားကိုပို့ပြီးတော့ ရောဂါရှာဖွေတာကို ကျန်းမာရေးဝန်ကြီးဌာနကို ကူညီသွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးတွေကို သုံးနိုင်အောင် ဦးစားပေးအနေနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေရှိပါတယ်။ အထူးသဖြင့် ကလေးတွေကို ကာကွယ်ဆေးထိုးနိုင်အောင် အစွမ်းကုန်လုပ်နေပါတယ်။ မေး - H1N1 နဲ့ပတ်သက်ပြီး WHO အနေနဲ့ မြန်မာအစိုးရကို ဘာအကူအညီတွေ ပေးထားပါသလဲ။ ဖြေ - ဓာတ်ခွဲခန်းတွေကို တိုးတက်လာအောင်လုပ်ဖို့ ကျနော်တို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ရောဂါရှာဖွေတဲ့နေရာမှာသုံးတဲ့ ဓာတ်ခွဲခန်းပစ္စည်းတွေ ထောက်ပံ့ အကူအညီတွေ ပေးနေပါတယ်။ ပြီးတော့ လူ့စွမ်းအားအနေနဲ့ ပြည်ပက ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ရာသီတုပ်ကွေး တုံ့ပြန်မှုမှာ ကူညီဖို့အတွက် ဆောင်ရွက်ထားပါတယ်။ ရောဂါကုသတာမျိုးမကဘဲ ပြည်သူတွေ မလိုလားအပ်တဲ့ စိုးရိမ်ပူပင်မှုတွေ သက်သာလာအောင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးဖို့ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ မေး - လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ အခြေအနေဟာ အဆိုးဆုံးအဆင့်မှာ ဖြစ်နေတယ်လို့ ပြောလို့ရလား။ ဖြေ - ရာသီတုပ်ကွေးဟာ ဘယ်နိုင်ငံမဆို ဘယ်နေရာမဆို ဖြစ်ပွားနိုင်တယ်။ ပြင်းပြင်းထန်ထန် လူအများကြီးသေနိုင်တဲ့ အခါမျိုးလည်း ဖြစ်နိုင်တယ်။ WHO အနေနဲ့ မြန်မာနိုင်ငံမှာရော အိန္ဒိယမှာရော ဂျနီဗာမှာရော ရာသီတုပ်ကွေးဆိုင်ရာ အကူအညီတွေ၊ တုံ့ပြန်မှုတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ လက်ရှိအခြေအနေကို သုံးသပ်မယ်ဆိုရင်တော့ ရာသီအလိုက် ဖြစ်ပွားနေတဲ့ အခြေအနေလောက်ပဲ ရှိတယ်လို့ သုံးသပ်ပါတယ်။ ကျနော်တို့ရရှိတဲ့ သတင်းအချက်အလက်အရဆိုရင် လူထုတွေကို ဆိုးဆိုးဝါးဝါး ဒုက္ခပေးနေတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံး ကျန်းမာရေးဝန်ကြီးဌာနကို အကူအညီပေးပြီးတော့ ပူးပေါင်းလုပ်ဆောင်လေ့ ရှိပါတယ်။ မေး - နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ H1N1 နဲ့ ပတ်သက်ပြီး WHO အနေနဲ့ မြန်မာအစိုးရကို ဘယ်လိုအကြံပြု တိုက်တွန်းလိုပါသလဲ။ ဖြေ - ကျန်းမာရေးဝန်ကြီးဌာနကို WHO အနေနဲ့ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး မှန်ကန်ထိရောက်တဲ့ အချက်အလက်တွေ ပြည်သူလူထုကို အချိန်နဲ့တပြေးညီ အသိပေးဖို့။ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး သံသယရှိ လူနာတွေကို ထောက်လှမ်းတဲ့ စနစ်တွေကို ထားဖို့ အထူးလိုအပ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာတော့ ရှိပါတယ်။ ဒီလိုထောက်လှမ်းနိုင်မှ ရောဂါဖြစ်ရင်လည်း ချက်ချင်းသိပြီးတော့ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းလို ရောဂါမျိုးကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ထောက်လှမ်းနိုင်တဲ့ နည်းစနစ်တွေ ရှိထားဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်မလွန်ဖို့ မှာကြားချင်ပါတယ်။ ဒုတိယအချက်ကတော့ လုပ်နိုင်တဲ့နည်းတွေနဲ့ ကာကွယ်သွားဖို့ အကြံပြုချင်ပါတယ်။ လက်မကြာခဏဆေးတာ၊ ခန္ဓာကိုယ်ခံနိုင်စွမ်းမြင့်မားအောင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ၊ လုံလုံလောက်လောက် အနားယူတာတွေ၊ နောက်ပြီးတော့ နှာခေါင်းစည်းတပ်တာတွေပေါ့။ ကျနော်တို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ တကမ္ဘာလုံးအတိုင်းအတာနဲ့ တုပ်ကွေးနဲ့ပတ်သက်ပြီး စောင့်ကြည့်တဲ့ စနစ်တခုရှိပါတယ်။ တုပ်ကွေးနဲ့ပတ်သက်ပြီး တကမ္ဘာလုံး ကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆိုးကြီးမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက ဖြစ်ပွားနှုန်း ပိုပြီးမြင့်မားနေတာတွေလည်း ရှိပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားလို နိုင်ငံမျိုးပေါ့။ မြန်မာနိုင်ငံမှာဖြစ်တဲ့ တုပ်ကွေးရောဂါကို အောင်မြင်စွာ တုံ့ပြန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024